ကန်ကြီးထောင့်တွင် ဒလန်ဆိုသူတစ်ဦး ပစ်သတ်ခံရ

ကန်ကြီးထောင့်တွင် ဒလန်ဆိုသူတစ်ဦး ပစ်သတ်ခံရ

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့တွင် ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသားတစ်ဦး ဒလန်ဟုဆိုကာ သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ကန်ကြီးထောင့်မြို့၊ ဥယျာဉ်စုရပ် ၁ လမ်း နေထိုင်သူ အသက် ၅၃ နှစ်ဝန်းကျင်ရှိ ပြည်ခိုင်ဖြိုးပါတီ၏ စည်းရုံးရေးမှူးလည်းဖြစ်သူ စစ်ကောင်စီအား သတင်းပေးနေသူဟု လူသိများသူ ဦးမောင်မောင်မြင့်ဆိုသူမှာ ရွှေဘိုတန်းလမ်းမကြီး မဟာသီရိမင်္ဂလာရာမဘုန်းကြီးကျောင်းရှေ့တွင် သေနတ်ဖြင့် အနီးကပ်ပစ်ခံပြီး သေဆုံးခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

"မြို့မှာ ရဲသတင်းပေးလို့ လူသိများတယ် အာဏာရှင်ဆန့်ကျင်တဲ့သူတွေကလည်း သူ့ကို ဒလန်လို့ သတ်မှတ်ထားတဲ့သူပါ သေနတ်သံကြားလိုက်တယ် ကိုမောင်မြင့်ကိုပစ်သွားတာလို့ပြောကြတယ် ဘယ်သူပစ်တာလဲမသိဘူး” ဟု မြို့ခံ ကိုထွန်းထွန်းက ပြောသည်။

သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၆ နာရီကျော်အချိန်ခန့်က ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။

ဦးမောင်မောင်မြင့်သည် ရွှေဘိုတန်းလမ်း ဈေးတွင် ဈေးရောင်းသူဖြစ်ပြီး အထုပ်အပိုးများဖြင့် ဈေးခင်းရန် ဆိုင်ကယ်ဖြင့်ထွက်လာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်ဆေးရုံသို့ပို့ဆောင်စဉ် သေနတ်ဒါဏ်ရာကြောင့် သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုသည်။

ဦးမောင်မောင်မြင့်မှာ ရဲသတင်းပေး ဟုတ်/မဟုတ်ကို သတင်းနှင့်မီဒီယာကွန်ရက်က သီးခြား အတည်မပြုနိုင်ပါ။

ဦးမောင်မောင်မြင့်သည် ကန်ကြီးထောင့်မြို့ ဗုံးပေါက်ကွဲမှု၌ မြို့ခံလူငယ်အချို့ကို ဖမ်းဆီးရန် သတင်းပေးခဲ့ကြောင်း ဖေဖေါ်ဝါရီလအတွင်း ပုသိမ်က စစ်တပ်ထောက်ခံပွဲအပြီး ကန်ကြီးထောင့်မြို့ အပြန်လမ်းတွင် အပင်နှစ်ဆယ်ကျေးရွာအနီးမှ လက်သုံးချောင်းထောင်ပြသည့် လူငယ်လေးဦးကို ကားရပ်ပြီး ဆင်းရိုက်ခဲ့သူများတွင် ပါဝင်သူဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၁၈ ရက်နေ့က ဧရာဝတီတိုင်းအတွင်းရှိ အသုတ်မြို့တွင် ဒလန်ဟုကျော်ကြားသူ အမျိုးသားတစ်ဦးလည်း သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခံခဲ့ရသည်။

 
 

 

 

Most read this week

August 5, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူးဒေသတစ်ဝိုက်တွင် နယ်မြေပြန်လည်ထိန်းချုပ်ရန် အင်အားအလုံး...
August 4, 2026
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်အတွင်း အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂၇ ဦးမှာ...
ပုံဟောင်း (တပ်မတော်လေ)
August 3, 2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအနီးတွင် ယနေ့ (ဩဂုတ်လ ၃ ရက်)...
August 3, 2026
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ကိုယ်စားလှယ်တစ်ဦးသည် ဩဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော်...