စစ်ကိုင်းဒေသကြီး ကောလင်းမြို့တွင် ဗုံး ၃ လုံး ကွဲပြီးနောက် အစိုးရဌာနဆိုင်ရာရုံးများရှေ့ ဖြတ်သန်းသွားလာခွင့်ကို ကန့်သတ်လိုက်ပြီး မလိုက်နာပါက ပစ်ခတ်အရေးယူမည်ဟု သတိပေးထားကြောင်း ဒေသခံများက ပြောသည်။
အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့၊ ဆေးရုံရှေ့၊ ခရိုင်အုပ်ချုပ်ရေးမှူး အိမ်ရှေ့များသို့ ဆိုင်ကယ်၊ ကား၊ လမ်းသွား လမ်းလာများကို ဖြတ်သန်းခွင့်မပြုတော့ဘဲ ဖြတ်သန်းပါက ပစ်ခတ်မည်ဖြစ်ကြောင်း အသံချဲ့စက်ဖြင့် လှည့်လည်ကြေငြာခဲ့သည်ဟု ဒေသခံများက ပြောသည်။
သြဂုတ် ၂၇ ရက် နေ့လည်က ထွေအုပ်ရုံးရှေ့၊ ဘောလုံးကွင်းဒေါင့်အပါအဝင် ယခုကြေငြာချက်ထုတ်သည့်နေရာ ပတ်ဝန်းကျင်များတဝိုက်တွင် PDF များ၏ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ခဲ့ကြောင်း အသက် ၅၀ အရွယ် ကောလင်းမြို့ခံတစ်ဦးက ပြောသည်။
ယခင်ကတည်းက နံနက် ၆ နာရီမှ နေ့လည် ၁၂ နာရီအထိ ဖြတ်သန်းခွင့်မပြုဘဲ တားမြစ်ထားခဲ့ကြောင်း မလိုက်နာပါ ရိုက်နက်မှုများရှိခဲ့ပြီး ယခုပစ်ခတ်မည်ဆိုသည့်အထိ ဖြစ်လာကြောင်း ၎င်းကပြောသည်။
“ဗုံးလည်းကွဲပြီးတော့ ပစ်မယ်ခတ်မယ်ဆိုပြီး ချက်ချင်းထပ်ကြေငြာတာ။ သူတို့ တော်တော်လန့်နေကြပုံရတယ်“ ဟု အသက် ၅၀ အရွယ် ကောလင်းမြို့ခံတစ်ဦးက ပြောသည်။
ထို့အပြင် သြဂုတ်လ ၂၇ ရက်နေ့တွင် ကောလင်း အရှေ့ဘက်ခြမ်းသို့ စစ်ကူသွားသည့် စစ်ကောင်စီယာဉ်တန်းသည် သစ်ဆိမ့်ကုန်းရွာအနောက်ဘက် သင်္ချိုင်းအနီးအကွေ့တွင် မိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာသူများရှိခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ယခုလ ဩဂုတ် ၉ ရက်နေ့ကလည်း ကောလင်းမြို့၊ ကားကြီးဝန်းအနီးတွင် ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီး ရဲအရာရှိတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့သည်။
တောင်ပတ်လည်ဝန်းရံထားသည့် ကောလင်းမြို့သည် ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုကားလမ်းမကြီးမှ ၁၄ မိုင်အကွာတွင်တည်ရှိပြီး ထီးချိုင့်မြို့ အနောက်ဘက် မိုင် ၄၀ အကွာ၊ မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်တွင် တည်ရှိသည်။
ကောလင်းမြို့သည် ၁၈၈၈ ဧက စတုရန်းကီလိုမီတာကျယ်ဝန်း၍ ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၄၅၂၉၇ ယောက်ခန့်ရှိပြီး မြို့ပေါ်တွင် လူဦးရေစုစုပေါင်း ၂၁၄၄၁ နေထိုင်သည်။







