စစ်ဆေးရေးဂိတ်များ ကားများမှ ပိုက်ဆံကောက်

စစ်ဆေးရေးဂိတ်များ ကားများမှ ပိုက်ဆံကောက်

အဝေးပြေးလမ်း အချို့တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်များက ငွေကောက်ခံနေကြောင်း အငှားယာဉ်မောင်းများက ပြောသည်။

ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းနှင့် ရန်ကုန်-ဧရာဝတီတိုင်း အဝေးပြေးလမ်းပေါ် ဖြတ်သန်းသွားလာသည့် ယာဉ်များထံမှ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက ငွေကြေးကောက်ခံနေခြင်းဖြစ်ပြီး ခရီးဝေးနယ် အော်ဒါလိုက်ပို့လျှင် စစ်ရေးဂိတ်တစ်ဂိတ်ဖြတ်တိုင်း ကျပ် ၅၀၀၊ ကျပ် ၁၀၀၀ ပေးရပြီး ရန်ကုန်-မော်လမြိုင် အသွား/အပြန်ခရီးကို နှစ်သောင်းခန့်ကုန်ကြောင်း တောင်ဒဂုံမှ အငှားယာဉ်မောင်း ဦးကရင်က ပြော သည်။

“လမ်းတစ်လျှောက် ဂိတ်များတဲ့ခရီးဆို ပိုကုန်တယ်။ တချို့ဆို လေးငါးသောင်းအထိကုန်တဲ့ ခရီးတွေရှိတယ်။ ဟိုးအရင်ကလို ပြန်ဖြစ်နေပြီ။ ဆီဈေးတွေကလည်းတက်နေတော့ မကိုက်ဘူး” ဟု ၎င်းကဆိုသည်။

အဝေးပြေးလမ်းများ အသုံးပြုရာတွင် ယခင်က မြို့အဝင် တိုးဂိတ်များတွင်သာ သတ်မှတ်ထားသည့် နှုန်းထားအတိုင်းသာ ပေးဆောင်ရပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အသစ်ရှိလာခဲ့သည့် စစ်ဆေးရေးဂိတ်တိုင်းတွင် ငွေကြေးပေးဆောင်နေရကြောင်း အငှားယာဉ်မောင်းများ က ပြောသည်။

ရန်ကုန်မြို့မှ စတင်ထွက်ခွာသည်ဆိုလျှင်ပင် လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်များ အများအပြားရှိပြီး အဆိုပါဂိတ်များတွင် လုံခြုံရေးယူထားသည့် စစ်ဆေးရေးဂိတ်တိုင်းကို ပေးရကြောင်း ၎င်းက ရှင်းပြသည်။

ဂိတ်တွင် ယူနီဖောင်းဝတ်ထားသူများက မတောင်းဘဲ အရပ်ဝတ်နှင့်လူများက တောင်းနေခြင်းဖြစ်သည်ဟု ကိုယ်တိုင် ငွေပေးဆောင်ခဲ့ရသည့် အသက် ၂၈ နှစ်အရွယ် အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

“တောင်းတာတောင် ရိုးရိုးမတောင်းဘူး။ ကားထွက်ဖို့ပြင်လိုက်ရင် နှုတ်မဆက်တော့ဘူးလားတို့ ဘော်ဒါကြေးတို့ဆိုပြီး တောင်းတာ” ဟု ၎င်းက ပြောသည်။

ထိုသို့ တောင်းခံလာလျှင် ယာဉ်မောင်းများကသာ ပေးဆောင်ရခြင်းရှိသကဲ့သို့ ခရီးသည်အချို့က ယာဉ်မောင်းအစား ပေးဆောင်ခြင်းမျိုးလည်း ရှိသည်ဟု ၎င်းကဆိုသည်။

အသွားတွင် ခရီးသည်ပါလျှင် ခရီးသည်ကပေးပြီး အပြန်ခါလီပြန်လျှင် ကိုယ်ဟာကိုယ်ပေးရသဖြင့် ငွေရနည်းသွားကြောင်း ခရီးသည်များက သတ်မှတ်ဈေးနှုန်းအတိုင်းသာ ပေးကြ၍ မကိုက်ကြောင်း မော်လမြိုင်သို့ ခရီးသည်ပို့ဆောင်ပြီး ပြန်လာသည့် အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အဝေးပြေးလမ်းမတစ်လျှောက်တွင် လုံခြုံရေးနှင့် COVID-19 ကပ်ရောဂါကိုအကြောင်းပြကာ စစ်ကောင်စီက စစ်ဆေးရေးဂိတ်များ အများအပြား ချထားခြင်းဖြစ်သည်။

 
 

 

 

Most read this week

August 5, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူးဒေသတစ်ဝိုက်တွင် နယ်မြေပြန်လည်ထိန်းချုပ်ရန် အင်အားအလုံး...
August 4, 2026
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်အတွင်း အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂၇ ဦးမှာ...
ပုံဟောင်း (တပ်မတော်လေ)
August 3, 2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအနီးတွင် ယနေ့ (ဩဂုတ်လ ၃ ရက်)...
August 3, 2026
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ကိုယ်စားလှယ်တစ်ဦးသည် ဩဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော်...