ရခိုင်တွင် ဒီရေတောဧက ၄ သိန်းကျော်ရှိရာမှ ယခုနှစ်တွင် ၈ သောင်းကျော်သာ ကျန်ရှိတော့ဟုဆို

ရခိုင်တွင် ဒီရေတောဧက ၄ သိန်းကျော်ရှိရာမှ ယခုနှစ်တွင် ၈ သောင်းကျော်သာ ကျန်ရှိတော့ဟုဆို

ရခိုင်ပြည်နယ်တွင် ဒီရေတောဧက ၄ သိန်းကျော်ရှိခဲ့ရာမှ ယခုနှစ်တွင် ဧက ၈ သောင်းကျော်သာကျန်ရှိတော့သည်ဟု ပြည်နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ယခုကဲ့သို့ ဧကပေါင်းမြောက်များစွာလျော့နည်းလာခြင်းမှာ ရခိုင်ပြည်နယ်သစ်တောဦးစီးဌာနတွင် ဝန်ထမ်းအင်အားနည်းပါး၍ သစ်တောများနှင့် ဒီရေတောများကိုထိန်းသိမ်းစောင့်ရှောက်ရန် မနိုင်မနင်းဖြစ်နေရသည့်အတွက်ကြောင့်ဟု ပြည်နယ်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဇော်က နိရဥ္စရာသတင်းဌာနကိုပြောသည်။

“ကျွန်တော်တို့သစ်တောဝန်ထမ်းတစ်ယောက်က ဧရိယာဧက ၁ သောင်းလောက်ကို ပြုစုထိန်းသိမ်းရေးလုပ်ငန်းတွေ တာဝန်ယူနေရတယ်။ ဝန်ထမ်းတစ်ယောက်ကို သစ်တောဧရိယာ ၁ သောင်းဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ သစ်တောတွေကိုထိန်းသိမ်းဖို့အတွက် ကျွန်တော်တို့ ဆက်စပ်ရာဌာနတွေရဲ့ အားတွေကိုယူသလို ဒေသခံတွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ထိန်းသိမ်းလာအောင် ပညာပေးရေးလုပ်ငန်းတွေကို တစ်ဖက်ကနေဆောင်ရွက်တယ်။ တစ်ဖက်ကလည်း ဒီနည်းဥပဒေနဲ့ သက်ဆိုင်ရာဌာနတိုင်းက ကျွန်တော်တို့ ဒါ ထိန်းသိမ်းရေးလုပ်ငန်းတွေကို လုပ်နေပါတယ်။” ဟု ပြောသည်။

ယခုကဲ့သို့ ဒီရေတောများ ပျက်စီးယိုယွင်းလာရခြင်းမှာ ပုဇွန်ကန်တည်ဆောက်ခြင်း၊ လယ်ယာမြေတိုးချဲ့ခြင်း၊ ဆားကွင်းတည်ဆောက်ခြင်းများနှင့် အုပ်ချုပ်ရေးယန္တရားပိုင်း နှောင့်နှေးမှုများကို အခွင့်ကောင်းယူကာ တရားမဝင် အလွန်အကျွံ ခုတ်ယူသုံးစွဲမှု များပြားခြင်းတို့ကြောင့်ဖြစ်သည်ဟု ရခိုင်ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း (RCA) ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ကြည်က နိရဥ္စရာကိုပြောသည်။

“ပုဇွန်ကန်တည်ဆောက်တာ၊ လယ်ယာမြေတိုးချဲ့တာ၊ နောက်တစ်ခုက ဆားကွင်းတည်ဆောက်တာရှိတယ်ပေါ့နော်။ နောက် အလွန်အကျွံသစ်ထုတ်တဲ့ ကိစ္စပေါ့။ အဲဒီကိစ္စရှိတယ်။ အခုလက်ရှိအခြေအနေကတော့ သစ်တော၊ ဒီရေတောတွေကို တရားမဝင်ခုတ်ယူမှုဟာ ပုံမှန်ထက်၊ အရင်ကထက် နည်းနည်းလေးပိုများတယ်လို့ ကြားသိနေရတယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ အုပ်ချုပ်ရေးယန္တရားပိုင်းမှာ နှောင့်နှေးတဲ့အပိုင်းတွေရှိနေတဲ့အတွက်ပါ။” ဟု ပြောသည်။

ဒီရေတောများသည် ရခိုင်ကမ်းရိုးတန်းဒေသအတွက်သာမက တစ်ကမ႓ာလုံးအတွက် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များဖြစ်ပွားမှုမှ တားဆီးကာကွယ်နိုင်သည့်အစွမ်းသတ္တိရှိ၍ ဂရုတစိုက်ထိန်းသိမ်းကာကွယ်သင့်သည်ဟုလည်း ဒေါက်တာမောင်မောင်ကြည်က ဆက်ပြောသည်။

“သဘာဝဘေးအန္တရာယ်အနေနဲ့ အခုဖြစ်ပျက်နေတာကတော့ မုန်တိုင်းကိစ္စပေါ့၊ လေမုန်တိုင်းရဲ့အရှိန်ကို သူက မိုင်နှုန်းကို၊ တိုက်ခိုက်တဲ့နှုန်းကို လျော့ချနိုင််တယ်။ နောက်တစ်ခုက ဆူနာမီလှိုင်းလိုဟာမျိုး၊ အဲလိုလှိုင်းတွေကိုလည်း အရှိန်ကို အများကြီးလျော့ချနိုင်တဲ့ စွမ်းအားရှိတယ်။ နောက်တစ်ခုက ကမ်းမြေပြိုတဲ့ကိစ္စတွေပေါ့။ နောက် ပင်လယ်ပြင် တိုက်ရိုက်၊ ပင်လယ်ကမ်းခြေနဲ့မျက်နှာမူလို့ဖြစ်စေ၊ ဒီမြစ်ချောင်းတွေရဲ့ကမ်းပါးကိုဖြစ်စေ၊ ပြိုတာကိုပါ ထိန်းပေးနိုင်တယ်။ အဲတော့ ဒီရာသီဥတုပြောင်းလဲမှုနဲ့ ဒီသဘာဝဘေးအန္တရာယ်ဒဏ်ကို အဓိကကတော့ အဲဒီလိုမျိုး လျှော့ချပေးနိုင်တဲ့ သတ္တိရှိတာပေါ့။”ဟု ပြောသည်။

တစ်ဘက်တွင်လည်း ရခိုင်တွင် ဒီရေတောများလျော့နည်းလာနေ၍ သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသည့် ရခိုင်အရပ်ဖက်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက လူပုဂ္ဂိုလ်များက ဒီရေပင်များကို တစ်နိုင်တပိုင် စိုက်ပျိုးနေကြမှုများလည်း ရှိနေသည်ဟု သိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...