တာလ်းရွာအတွင်း စစ်ကောင်စီတပ်၏ အကြောင်းမဲ့ ဝင်ရောက်ကျူးကျော်မှုအပေါ် ချင်းရေးရာအဖွဲ့ချုပ်မှသဘောထားထုတ်ပြန်

တာလ်းရွာအတွင်း စစ်ကောင်စီတပ်၏ အကြောင်းမဲ့ ဝင်ရောက်ကျူးကျော်မှုအပေါ် ချင်းရေးရာအဖွဲ့ချုပ်မှသဘောထားထုတ်ပြန်

ဖလမ်းမြို့နယ်၊ တာလ်း (Taal) ကျေးရွာတွင် စစ်ကောင်စီတပ်မှ အကြောင်းမဲ့ ဝင်ရောက်ကျူးကျော်မှု (၂) ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ပြီး ကျေးရွာအတွင်းရှိ တန်ဖိုးရှိပစ္စည်းများအား ဖျက်ဆီးလုပ်ဆောင်ခဲ့မှုအပေါ် ချင်းရေးရာအဖွဲ့ချုပ်က ပြင်းထန်စွာ ရှုတ်ချလိုက်သည်။

စစ်ကောင်စီတပ်သည် ဇူလိုင်လနှင့် ဩဂုတ်လတွင် (၂) ကြိမ်တိုင်တိုင် တာလ်းကျေးရွာအတွင်း ဝင်ရောက်ကျူးကျော်ခဲ့ပါသည်။  ဇူလိုင်လ (၂၀) ရက်နေ့တွင် တပ်အင်အား (၉၀) ကျော်ခန့် ရွာအတွင်းသို့ ဝင်စီးပြီး အကြောင်းမဲ့ ပစ်ခတ်မှုများကျူးလွန်ကာ လူနေအိမ် (၂၁) အိမ် အပါအဝင် အိမ်မွေးတိရိစ္ဆာန်များနှင့် လူ့အသုံးအဆောင်ပစ္စည်း၊ အိမ်တွင်းပရိဘောဂများစွာ ဖျက်ဆီးခဲ့ကြပါသည်။

ဩဂုတ်လ (၉) ရက်နေ့တွင် တပ်အင်အား (၁၅၀) ခန့် ရွာအတွင်းသို့ ဒုတိယအကြိမ် ဝင်ရောက် ကျူးကျော်ခဲ့ပါသည်။ ဘုရားကျောင်းနှင့် စာသင်ကျောင်းများတွင် (၅) ရက်တာ တပ်စွဲစခန်းချပြီး လူနေအိမ် (၃၆) အိမ် အပါအဝင် အိမ်မွေးကြက် (၃၈၀) ကောင်ခန့်၊ ဝက် (၈) ကောင်ခန့်နှင့် အခြားအိမ်ထောင်ပရိဘောဂများစွာ ဖျက်ဆီးခဲ့ကြသည်။ ခရစ်ယာန်ဘာသာဝင်များ အထွဋ်အမြတ်ထားသည့် ကျမ်းစာအုပ်များ၊ ဓမ္မသီချင်း စာအုပ်များနှင့် ဘုရားကျောင်းရှိ ထိုင်ခုံ၊ပစ္စည်းများကို စိတ်ကြိုက်မွှေနှောက်ကာ ဖျက်ဆီးခဲ့ကြပါသည်။ ရွာသား (၂) ဦးအားလည်း အကြောင်းမဲ့ ဖမ်းဆီးကာ ရိုက်နှက်အကြမ်းဖက်ခဲ့ပါသည်။

ထို့သို့ ကျေးရွာအတွင်းသို့ ဝင်စီးပြီး အကြောင်းမဲ့ ပစ်ခတ်မှုများကြောင့် ကျေးရွာအတွင်းရှိ ပြည်သူများသည် နီးစပ်ရာ တောထဲတောင်ထဲသို့လည်းကောင်း၊ ဖလမ်းမြို့နှင့် နီးစပ်ရာ ကျေးရွာများသို့လည်းကောင်း  စစ်ကောင်စီ ရန်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထိုသို့ စစ်ဘေးရှောင်ထွက်ပြေးနေစဉ်အတွင်း စစ်ရှောင်ပြည်သူအချို့မှာ COVID-19 ရောဂါ ကူးစက်ခံရပါသည်။

ဖလမ်းမြို့နယ်၊တာလ်းကျေးရွာသည် အိမ်ခြေ (၃၆) နှင့် လူဦးရေ ၁၅၀ မှ ၁၆၀ ဝန်းကျင်ခန့် ရှိပါသည်။  စစ်ကောင်စီ၏ (၂) ကြိမ်တိုင်တိုင် ဝင်ရောက်ကျူးကျော်မှုကြောင့် ရွာလုံးကျွတ်ထွက်ပြေးရပြီး ယနေ့ထိတိုင် နေရပ်မပြန် နိုင်သေးဘဲ ရှောင်တိမ်းနေရဆဲ ဖြစ်ပါသည်။ စစ်ကောင်စီတပ်၏ တာလ်းကျေးရွာအား ဖျက်ဆီးခဲ့သည့် ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၂၀၀ မှ ၃၀၀ ကြား ရှိပါသည်။

စစ်ကောင်စီတပ်သည် ချင်းပြည်နယ်အတွင်း ၎င်းတို့စခန်းချရာဒေသအနီးရှိ ကျေးရွာများတွင် ဝင်ရောက်သောင်းကျန်းခြင်း၊ အရပ်သားပြည်သူများအား တိုက်ခိုက်ခြင်း၊ လူနေအိမ်များ၊ ပြည်သူပိုင်ပစ္စည်းများအား ဖျက်ဆီးခြင်းတို့ကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လျှက်ရှိသည်။

ထိုသို့ စစ်ကောင်စီတပ်၏ ကျေးရွာများအတွင်း ဝင်ရောက်ကျူးကျော်ပြီး အရပ်သားများအပေါ် ပစ်မှတ်ထား ဖမ်းဆီးနှိပ်စက်ခြင်း၊ ကျေးရွာအတွင်းရှိ တန်ဖိုးရှိပစ္စည်းများအား ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်း၊ ဘာသာရေး အဆောက်အအုံနှင့်စာသင်ကျောင်းများတွင် တပ်စွဲစခန်းချထားခြင်း၊ ဘာသာရေးအသုံးအဆောင်ပစ္စည်းများအား တမင်တကာ ဖျက်ဆီး ြခင်းတို့သည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဉပဒေများအပြင် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဉပဒေများဖြစ်သည့် ဂျီနီဗာသဘောတူစာချုပ်များ (Geneva Conventions) အပိုဒ် (၃) နှင့် အရပ်သားများအား အကာ အကွယ်ပေးထားသည့် နောက်ဆက်တွဲစာချုပ် (၂) တို့အား ချိုးဖောက်လိုက်ခြင်းပင် ဖြစ်သည်။

ချင်းရေးရာအဖွဲ့ချုပ်သည် စစ်ကောင်စီအား အပြစ်မဲ့ အရပ်သားများအပေါ် ပစ်မှတ်ထား ကျူးကျော်ခြင်းတို့မှ ရှောင်ရှားရန်နှင့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဉပဒေ၊ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှု ဉပဒေတို့နှင့် မညီသော လုပ်ရပ်များအား ဆက်လက်လုပ်ဆောင်ခြင်းမပြုရန် တိုက်တွန်းလိုက်သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...