ချောင်းဆုံမှာ နံနက် ၁၀ နာရီနောက်ပိုင်း အပြင်ထွက်ခွင့်မပြု၊ ဒေသခံတွေ မကျေနပ်

ချောင်းဆုံမှာ နံနက် ၁၀ နာရီနောက်ပိုင်း အပြင်ထွက်ခွင့်မပြု၊ ဒေသခံတွေ မကျေနပ်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် (ဘီးလူးကျွန်း) မှာ ဒီကနေ့ ဩဂုတ်လ ၂၆ ရက်ကနေ့စပြီး နံနက် ၁၀ နာရီနောက်ပိုင်း နေအိမ်အပြင် ထွက်ခွင့်မပြုကြောင်း စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေက လိုက်လံကြေညာနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ချောင်းဆုံမြို့နယ်ကိုတော့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေက ကိုဗစ်ရောဂါ အကြောင်းပြပြီး နေအိမ်အပြင်ထွက်ခွင့်ကို နံနက် ၆ နာရီမှ ၁၀ နာရီထိသာ အပြင် ထွက်ခွင့်ပြုမယ်လို့ စည်းကမ်းတင်းကြပ်လိုက်တာပါ။

သတ်မှတ်ထားတဲ့အချိန်အတွင်း နေအိမ်အပြင်ထွက်ရင်လည်း ဈေးဝယ်ခွင့်အနေနဲ့ တစ်အိမ် တစ်ဦးနှုန်းသာ အပြင်ထွက်ခွင့် ရှိမှာဖြစ်တယ်။

“အားလုံးက တော်တော်အခက်အခဲ ဖြစ်သွားပြီ၊ ဘာအလုပ်မှ လုပ်လို့မရတော့ဘူး၊ လက်လုပ်လက်စားတွေ ထမင်းငတ်ဖို့ပဲ ရှိတော့တယ်၊ သေနတ်အားကိုးနဲ့ လိုက်လုပ်နေတာ” လို့ ချောင်းဆုံ ဒေသခံ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခုလို နေအိမ်အပြင်ထွက် ကန့်သတ်လိုက်တဲ့အတွက်ကြောင့် ချောင်းဆုံပြည်သူတွေဟာ တစ်ရက်မှာ ၄ နာရီသာ အပြင်ထွက်ခွင့်ရှိမှာ ဖြစ်ပါတယ်။

ရပ်ကွက်ဖြတ်ကျော်သွားလာမယ်ဆိုရင် သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက် ပါရှိရမှာ ဖြစ်ပါတယ်။

ချောင်းဆုံမြို့နယ်ကိုတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး ဝင်ထွက်ခွင့် ကန့်သတ်ခဲ့ပြီး လုံခြုံရေးအရဆိုပြီး စစ်ဆေးမှုတွေ ပိုမို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

“နေ့တိုင်းကို စစ်ဆေးနေတာ၊ တစ်ကျွန်းလုံးပဲ၊ သူတို့က ရောဂါကို အကြောင်းပြတာပေါ့လေ၊ရောဂါအတွက်နဲ့ ဒီလောက်ထိမှ လုပ်ဖို့မလိုတာ၊ တော်တော်ဒေါသထွက်ဖို့ ကောင်းတယ်”လို့ ချောင်းဆုံဒေသခံတစ်ဦးက ပြောပါတယ်။

ချောင်းဆုံမြို့နယ်ကို စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၂၅ ရက်နေ့မှာ နေအိမ်အတွင်း နေထိုင်ကြဖို့ Stay at home သတ်မှတ်ခဲ့တာဖြစ်ပြီး အခုအခါ အုပ်ချုပ်ရေးအဖွဲ့တွေက စည်းကမ်းချက်တွေ ထပ်မံတိုးမြှင့်လာနေတာ ဖြစ်ပါတယ်။

ချောင်းဆုံမြို့နယ်မှာ ဇွန် ၂၈ ရက်မှ ဩဂုတ် ၂၅ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၁၁၀၀ ကျော်ရှိပြီး အဲဒီထဲမှာ ကိုဗစ်လူနာ ၉၀ ကျော် သေဆုံးထားတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...