တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နှင့် ကော့သောင်းမြို့ပေါ် ရပ်ကွက်အချို့၌ အပြင်ထွက်ခွင့်ကတ်ပြားနှင့် ဈေးရောင်းချခွင့်ကတ်ပြားရရှိရေး စုပြုံတိုးဝှေ့ပြီး လူစုလူဝေးဖြစ်နေကြောင်း ဒေသခံများက ပြောသည်။
မြိတ်မြို့တွင် လမ်းဘေး ဈေးရောင်းချခွင့်ကတ်ပြားအား မြိတ်ကန်ဖျားလမ်းမကြီးရှိ ဦးမြတ်လေးပန်းခြံဝန်း အတွင်းရှိ စည်ပင်သာယာရေးရုံးတွင် ထုတ်ပေးရာ ကတ်ပြားရရှိရေးအတွက် စုပြုံတိုးဝှေ့ကာ လူစုလူဝေးဖြစ်ပေါ်စေခဲ့သည်ဟု အသက် ၃၀ ခန့်ရှိ ဈေးရောင်းချသူ အမျိုးသမီးတစ်ဦး က ပြောသည်။
“ဒီလို တနေရာထဲ တမြို့လုံးအတွက် ရောင်းချခွင့်ကတ်ပြားထုတ်ပေးတာ မဖြစ်သင့်ဘူး၊ အခု ရောဂါပိုးဖြန့်ဝေတဲ့နေရာနဲ့ တူနေတယ်” ဟု စျေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။
အလားတူ ကော့သောင်းမြို့တွင်လည်း ဈေးရောင်းချခွင့်ကတ်အား ပိတောက်ရွှေဝါရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ထုတ်ပေးခဲ့ရာ ဈေးသည်အများအပြားလာရောက်ထုတ်ယူသဖြင့် လူစုလူဝေးဖြစ်ပေါ်ခဲ့သည်။
ကော့သောင်းမြို့တွင်ရပ်ကွက်အချို့တွင် အပြင်ထွက်ခွင့်ကတ်ပြားအား အိမ်တိုင်ရာရောက် ထုတ်ပေးနေပြီး အောင်သုခရပ်ကွက်၊ ရွှေဟင်္သာရပ်ကွက် တို့တွင်မူ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ထုတ်ပေးသဖြင့် လူစုလူဝေးဖြစ်ပေါ်ခဲ့ရကြောင်း ဒေသခံအချို့က ပြောသည်။
“ကတ်ပြားရှိမှ ဈေးရောင်းရမယ်ဆိုလို့ အတင်းတိုးပြီး သွားယူနေရတာ။ အချို့ကတ်ပြားမရသေးလို့ ဈေးရောင်းချဖို့ ခက်ခဲနေသူတွေလည်း ရှိတယ်” ဟု ကော့သောင်းမြို့က ဈေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။
မေလအတွင်းမှ စတင်ခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းအတွင်း နေ့စဉ် ကူးစက်သေဆုံးမှု များပြားလာသဖြင့် ရောဂါထိန်းချုပ်မှု လုပ်ငန်းများ ထိရောက်လာစေရန်နှင့် ကူးစက်သေဆုံးမှုနှုန်းကျဆင်းစေရန်ဟုဆိုကာ သြဂုတ် ၂၁ ရက်နေ့မှစတင်ကာ ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့ကြီးများအား သက်ဆိုင်ရာမှ Stay at home သတ်မှတ်ခဲ့သည်။
မြိတ်နှင့်ကော့သောင်းမြို့ရှိ ရပ်ကွက်အချို့တွင် ဩဂုတ်လ ၂၀ ရက်နေ့က အပြင်ထွက်ခွင့်ကတ်ပြား စတင်ထုတ်ပေးခဲ့ပြီး ၂၁ ရက်နေ့မှ ထုတ်ပေးသည့် ရပ်ကွက်လည်းရှိသည်ဟု ဒေသခံများထံမှ သိရှိရသည်။
မြိတ်မြို့ပေါ်တွင် အပြင်ထွက်ခွင့်ကတ်ပြားများ ဝေငှရာတွင် အချို့ရပ်ကွက်များ၌ အခမဲ့ပေးဝေမှုများရှိပြီး အချို့ရပ်ကွက်များ၌ ကျပ်ငွေ ၁၀၀ မှ ကျပ်ငွေ ၅၀၀ အထိ ရံပုံငွေထည့်ဝင်ပေးရန် ကောက်ခံမှုများရှိသည်ဟု ဒေသခံများက ပြောဆိုသည်။
နယ်စပ်မြို့ဖြစ်သည့် ကော့သောင်းမြို့သည် မြို့ခံလူဦးရေထက် အနယ်နယ်အရပ်ရပ်မှ ရွေ့ပြောင်းအလုပ်သမားများနေထိုင်မှုက ပိုမိုများပြားသည်။
ကော့သောင်းမြို့တွင် အများအားဖြင့် ကိုယ်ပိုင်အိမ်ရှိသူများထက် အိမ်ခန်းငှားနေထိုင်ကြသူ မိသားစုများက ပိုမိုများပြားသည်။
“အိမ်ထောင်စု စာရင်းရှိသူများကိုပဲ ဦးစားပေး အပြင်ထွတ်ခွင့်ကတ်ထုတ်ပေးတော့ ရွှေ့ပြောင်းလာသူ အိမ်ထောင်စုစာရင်း မပြနိုင်သူတွေက အပြင်ထွက်ခွင့် ကတ်ပြားထုတ်မရသေးတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်” ဟု အသက် ၅၀ အရွယ် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောသည်။
အိမ်ထောင်စုစာရင်း မပြနိုင်သူများက အပြင်ထွက်ခွင့်ကတ်ပြား ရလိုရငြား ရပ်ကွက်ရုံးတွင် သွားရောက်စောင့်ဆိုင်းနေကြခြင်းကလည်း လူစုလူဝေးဖြစ်ပေါ်ရခြင်း၏ အကြောင်းအရင်းများထဲက တစ်ခုဖြစ်သည်ဟု ၎င်းကဆိုသည်။
မြိတ်၊ ကော့သောင်းမြို့များနည်းတူ ထားဝယ်မြို့တွင်လည်း အပြင်ထွက်ခွင့်ကတ်ပြားထုတ်ပေးရာတွင် လူစု၊ လူဝေးဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်အချို့လည်းရှိသည်ဟု ဒေသခံများက ပြောသည်။







