ရခိုင်ရှိ စစ်ရှောင်စခန်းအချို့တွင် အမျိုးသမီးလစဉ်သုံးပစ္စည်းများ အထောက်အပံ့လုံးဝမရ၍ ကျန်းမာရေးထိခိုက်လာနေ

ရခိုင်ရှိ စစ်ရှောင်စခန်းအချို့တွင် အမျိုးသမီးလစဉ်သုံးပစ္စည်းများ အထောက်အပံ့လုံးဝမရ၍ ကျန်းမာရေးထိခိုက်လာနေ

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းအချို့တွင် အမျိုးသမီးလစဉ်သုံးပစ္စည်းများနှင့် အမျိုးသမီးအသုံးအဆောင်ပစ္စည်းများ အထောက်အပံ့လုံးဝမရ၍ ကျန်းမာရေးထိခိုက်မှုများရှိလာနေသည်ဟု သတင်းရရှိသည်။

ကျောက်တော်မြို့နယ်ရှိ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတွင်ဆိုလျှင် ယခင်က CDNH (အမျိုးသားရေးသဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့) က အမျိုးသမီးလစဉ်သုံးများနှင့် အမျိုးသမီးများအတွက်အကျႌများကို လစဉ်ထောက်ပံ့ပေးခြင်းရှိခဲ့သော်လည်း လက်ရှိတွင် ထောက်ပံ့မှုများရောက်မလာသည်မှာ သုံးလခန့်ကြာမြင့်နေပြီဖြစ်ပြီး ဖြစ်သလိုသုံးစွဲနေရသည့်အတွက် ကျန်းမာရေးထိခိုက်မှုများရှိနေသည်ဟု အဆိုပါစခန်းမှအမျိုးသမီးတာဝန်ခံ ဒေါ်မအေးခင်က နိရဥ္စရာသို့ပြောသည်။

“အမျိုးသမီးလစဉ်သုံးပစ္စည်းတွေက စခန်းမှာရှိတဲ့အမျိုးသမီးတွေအတွက် အလွန်မှလိုအပ်ပါတယ်။ အဲဒါတွေမရှိတဲ့အတွက် အဝတ်တွေကို ခုပြီးသုံးနေရတာက အဆင်မပြေဘူး။ ကျန်းမာရေးအရလည်း မသင့်တော်ဘူး။ နောက်ပြီး သန့်ရှင်းမှုပိုင်းအားနည်းတော့ အနာတွေပေါက်လာရတယ်။ ကျမတို့စခန်းက သုံးရေရရှိဖို့ သွားရတာကလည်း အဝေးကြီးမှာဆိုတော့ လစဉ်သုံးပစ္စည်းလေးတွေရှိမှပဲ အဆင်ပြေနိုင်မယ်လို့ထင်တယ်။ အခုတော့ထောက်ပံ့မှုတွေ မရလို့ အပြင်ကဝယ်သုံးရတဲ့အခါ စျေးကြီးတဲ့အတွက် ဝယ်မသုံးနိုင်လို့ အမျိုးသမီးကိစ္စတွေ ဖြစ်ရင်အိမ်ထဲမှာပဲ နေခိုင်းထားရတယ်။” ဟု ပြောသည်။

တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတွင် အမျိုးသမီးစုစုပေါင်း ၂၅၆ ဦးရှိပြီး နွေရာသီတွင် သုံးရေရရှိရန်အတွက် ချောင်းဖက်သို့သွား၍ ခပ်ယူနေကြရသည်ဟု သိရသည်။ အသွားအပြန် စုစုပေါင်း ၁ နာရီကျော်ခန့် သွားလာရသောကြောင့် သုံးရေရရှိရန်ခက်ခဲ၍ တစ်ကိုယ်ရည်သန့်ရှင်းမှုများပါ အားနည်းမှုရှိနေသည်ဟု ပြောကြသည်။

မြောက်ဦးမြို့နယ်ရှိ ကုလားချောင်းစစ်ဘေးရှောင်စခန်းတွင်လည်း ယခင်ကတိမ်ညိုစစ်ရှောင်စခန်းမှတဆင့် ထိုပစ္စည်းများရောက်ရှိလာတတ်ပြီး ယခုအခါတွင် လုံးဝရောက်မလာတော့သည့်အတွက် အခက်အခဲဖြစ်နေရသည်ဟု ထိုစခန်း၏ အမျိုးသမီးခေါင်းဆောင်ဒေါ်ဆန်းဆန်းဝင်းက ပြောသည်။

“မိန်းကလေးတွေမှာ မရှိတာကနေ ထုတ်ပြီးဝယ်သုံးနေရတယ်။ အရမ်းတွေအကျပ်အတည်းဖြစ်ရတယ်။ ဝင်ငွေလည်း မရှိတော့ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေပါ ဝယ်သုံးနေရတာက အဆင်မပြေဘူး။ စားနပ်ရိက္ခာတွေကလည်း ထောက်ပံ့မှုက ပုံမှန်ရတာမျိုးလည်းမရှိတော့ဘူး” ဟု ပြောသည်။

ကုလားချောင်းစစ်ဘေးရှောင်စခန်းတွင် အမျိုးသမီးစုစုပေါင်း ၂၀၀ ကျော်ခန့်ရှိသည်ဟု သိရသည်။

စစ်ဘေးရှောင်စခန်းများရှိ အမျိုးသမီးများအတွက် အရေးတကြီးလိုအပ်နေသည်မှာ အမျိုးသမီးလစဉ်သုံးပစ္စည်းများအပြင် အမျိုးသမီးအတွင်းဝတ်များနှင့် အကျႌဘောင်းဘီများလည်းလိုအပ်နေကြောင်း သိရသည်။

ရခိုင်အမျိုးသမီးများအစည်းအရုံးမှ project officer စောခင်သန်းဝေက “ဒီလိုမျိုးလစဉ်သုံးပစ္စည်းတွေအထောက်အပ့ံမရတဲ့ သတင်းကြားရတာ စိတ်မကောင်းပါဘူး။ အမျိုးသမီးလစဉ်သုံးဆိုတာ မိန်းမတွေအတွက် ဂုဏ်သိက္ခာအရှက်တရား၊ ကျန်းမာရေးအတွက်ပါ အရေးကြီးတဲ့အစိတ်အပိုင်းထဲမှာ ပါတယ်။ ဒီလိုမျိုးထောက်ပံ့ဖို့ လိုအပ်နေတဲ့နေရာတွေကိုလည်း အထက်ကိုတင်ပြပြီး အကူအညီပေးဖို့လည်း လုပ်သွားပါမယ်။” ဟု ပြောသည်။

မြောက်ဦးမြို့နယ်ရှိ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းရှိအမျိုးသမီးများအတွက်မူ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ထောက်ပံ့ပေးထား၍ အခက်အခဲမရှိဟု စခန်းတွင်းရှိ စစ်ဘေးရှောင်အမျိုးသမီးများက ပြောသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ရခိုင်တွင် လက်ရှိအချိန်အထိ စစ်ဘေးရှောင်ဦးရေ ၆ သောင်းကျော်ရှိနေပြီး ယင်းအထဲတွင် အမျိုးသမီးဦးရေမည်မျှရှိသည်ဆိုသည်ကို ရုံးချိန်ပြင်ပရောက်နေ၍ လောလောဆယ် မသိနိုင်သေးဟု ပြောသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...