ကယား (ကရင်နီ) ပြည်နယ်ထဲတွင် ဩဂုတ်လ ၂ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ဒေသခံပြည်သူ နောက်ထပ် ၁၅ ဦး စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသည်ဟု ဒေသခံများနှင့် ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် တာဝန်ရှိသူများက ပြောသည်။
ဖမ်းဆီးခံရသူများထဲတွင် ဖမ်းဆီးလိုသူကို မတွေ့သဖြင့် မိသားစုဝင်များကို ဖမ်းဆီးခြင်းများလည်း ပါဝင်သည်။
ယခုလအတွင်း ထပ်မံဖမ်းဆီးခံရသည့် ဒေသခံ ၁၅ ဦးပါအဝင် ကယား (ကရင်နီ) ပြည်နယ်တွင် အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံသူ စုစုပေါင်း ၁၅၀ ရှိပြီဟု ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က ပြောရေးဆိုခွင့်ရှိသူ ခူးကိုရယ်က ပြောသည်။
“ဖမ်းခံရတဲ့လူတွေက တချို့ကျတော့ မြို့ပေါ်မှာပဲ အိမ်မှာနေရင်းနဲ့ လာဖမ်းသွားတာရှိတယ်။ IDPs ကို သွားကူညီနေရင်းနဲ့ သူ့ကိုလိုက်ရှာပြီးမှ ဖမ်းတယ်ပေါ့ ဒီလွိုင်ကော်မှာ။ ဒါပေမယ့် ဖမ်းမယ်လို့ သူတို့စာရင်းရထားတဲ့သူက ဖမ်းမရပဲနဲ့ ဓါးစာခံအဖြစ် သူ့ရဲ့အမေပေါ့ အမေရယ်၊ မောင်ရယ်၊ နောက်ပြီးမှ အိမ်မှာနေတဲ့ ပရဟိတလူငယ် ၃ ယောက်အပါအဝင် သူတို့ဖမ်းသွားတာတော့ရှိတယ်။ နောက်တစ်ခုကျတော့ စစ်ရှောင်စခန်းမှာ သွားနေပြီးတော့ ဟိုးသူတို့ရပ်ရွာမှာ ကျန်ခဲ့တဲ့ရိက္ခာကို သယ်ဖို့သွားတဲ့အချိန်မှာ ဖမ်းဆီးခံရတယ်ပေါ့နော်။ အဲ့ဒါကတော့ ဖရူဆိုဘက်မှာပေါ့နော်။”
ဩဂုတ်လ ၆ ရက်နေ့တွင် ကယန်းသာယာက ရွာသား (၃) ယောက်၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် ဒေါဥခူရပ်ကွက်က လူငယ် (၃) ယောက်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ် ဒေါတကလဲနှင့် ထီးဖိုးကလိုးရွာက အသက် ၁၅ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသားလေးယောက်နှင့် ထိုရက်နေ့တွင်ပင် လွိုင်ကော်မြို့နယ် နောင်ယားက ပရတိလူငယ် ၃ ဦး အပါအဝင် ၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့သည်။
လွိုင်ကော်မြို့ နောင်ယားက ဖမ်းဆီးခံရသူ ၅ ဦးမှာ စစ်ကောင်စီတပ်က ရှာဖွေနေသည့် စစ်ပြေးရှောင်ပြည်သူများအား ကူညီပေးနေသူ ရိုစီလင်း (ခေါ်) မအိအား နေအိမ်တွင်သွားရောက်ရှာဖွေဖမ်းဆီးရာ သူမကိုမတွေ့သည့်အတွက် ၎င်း၏အိမ်တွင်ရှိနေသည့် မိခင်နှင့် မောင်လေးအပါအဝင် ပရဟိတလူငယ် ၃ ဦးတို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ဖြစ်သည်ဟု ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က ပြောရေးဆိုခွင့်ရှိ ခူးကိုရယ်က ပြောသည်။
ဖရူဆိုမြို့က အသက် ၁၅ နှစ်ရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၄ ဦး ဖမ်းဆီးခံရသည့် ကိစ္စနှင့်ပတ်သက်၍ ဒေသခံတစ်ဦးက “ထီးဖိုးကလိုးအုပ်စုမှာ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်တဲ့အတွက် ရွာသားတွေ ထွက်ပြေးတယ်။ အဲ့ထဲက ရွာသားသားအဖနှစ်ယောက်က အိမ်မှာပစ္စည်းတွေနဲ့ ကျွဲနွားတွေကို ပြန်ကြည့်ချင်တယ်ဆိုပြီးတော့ ပြန်ဆင်းလာတာ။ အဲ့ဒီမှာ သူပျောက်သွားတယ်ပေါ့နော်။ စစ်ကောင်စီက သူတို့နှစ်ယောက်အပြင် ဒေါပြာကူးလို့ခေါ်တယ် အဲ့ဒီကရွာသားနှစ်ယောက်ကို သူတို့က ဖမ်းလိုက်တယ်။ ၁၅ နှစ်အရွယ်သားကိုတော့ ကြိုးတုတ်ပြီးတော့ ခေါ်သွားတယ်။ သူတို့ဖမ်းပြီးခေါ်သွားတာကို တောင်ယာက ကျနော်တို့လူက သူ့မိသားစုကို ပြန်ပြောပြတယ်ပေါ့” ဟု ပြောသည်။
ကယား (ကရင်နီ) ပြည်နယ်ထဲတွင် ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့များ၏ ရမ်းသန်းဖြစ်ခဲ့မှုများကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်မှာလည်း ဩဂုတ်လထဲတွင် ၄ ယောက်ထပ်တိုးလာခဲ့သည်ဟု ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
စစ်အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ ယနေ့အချိန်ထိ ကယား (ကရင်နီ) ပြည်နယ်ထဲတွင် စစ်ကောင်စီတပ်၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူ ၁၀၆ ဦး ရှိသွားပြီဟု ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က တာဝန်ရှိသူများက အတည်ပြုပြောသည်။







