သျှမ်းမြောက် ကျောက်မဲမြို့နယ် ကျောက်မဲ − မိုင်းငေါ့လမ်းပိုင်းတွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။
ကျောက်မဲ−မိုင်းငေါ့လမ်းပိုင်း တွင် သြဂုတ်လ (၁၈) ရက်နေ့ နေ့လည်ပိုင်းက မိုးရွာသွန်းမှုကြောင့် မြေပြိုပြီး လမ်း (ယာယီ) ပိတ်ဆို့မှု ဖြစ်ပွားခဲ့ပြီး၊ လမ်းကို ယာယီပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ခုရက်ပိုင်း မိုးက နေ့တိုင်းရွာနေတော့ မြေပြိုပြီး လမ်းပိတ်သွားတယ်လို့ ကြားတယ်၊ ဒီနေ့ နေ့လည်ပိုင်းကမှ လမ်းပြန်ပွင့်သွားတာ” ဟု ကျောက်မဲဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အဆိုပါလမ်းသည် သြဂုတ် (၁၉) ရက် ယနေ့ နေ့လည်ပိုင်းတွင် ပုံမှန်သွားလာလို့ ရနေပြီဖြစ်သော်လည်း သွားလာမှု အလွန်နည်းပါးကြောင်း ဒေသခံများထံမှ သိရသည်။
“မိုင်းငေါ့ကလည်း ဝင်ထွက်မှုတွေ စစ်ဆေးနေတယ်၊ သွားရင်လည်း (၁၄) ရက် Q ဝင်ရတယ်၊ နောက်ပြီး ဒီရက်ပိုင်းတိုက်ပွဲဖြစ်ပွားမှုတွေ ပြင်ထန်လာတဲ့အတွက် အသွားအလာ အရမ်းကို နည်းသွားပြီ” ဟု မိုင်းငေါ့ဒေသခံက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ကျောက်မဲမြို့နယ် ကျောက်မဲ−မိုင်းငေါ့ လမ်းပိုင်းသည် နှစ်စဉ် မိုးရာသီရောက်တိုင်း မြေပြိုကျမှု ဖြစ်ပွားတတ်ပြီး သွားလာမှုသတိထားနေရကြောင်း ဒေသခံများထံမှ သိရှိရသည်။







