မူးယစ်ဆေးသုံးသူ တစ်ဦးက အမျိုးသမီးတစ်ဦးအား ဓါးဖြင့်ထိုး

မူးယစ်ဆေးသုံးသူ တစ်ဦးက အမျိုးသမီးတစ်ဦးအား ဓါးဖြင့်ထိုး

တနင်္သာရီတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးသုံးစွဲပြီး ဆေးကြောင်နေသည်ဟု ယူဆရသူတစ်ဦးက အမျိုးသမီးတစ်ဦးအား ဓါးဖြင့် အချက်များစွာထိုးပြီး ထွက်ပြေးသွားကြောင်း အထိုးခံရသူ၏ မိသားစုဝင်များက ပြောသည်။

သြဂုတ်လ ၁၈ ရက်နေ့၊ နံနက် ၁၀ နာရီကျော်အချိန်ခန့်က မူးယစ်ဆေးသုံးစွဲသူတစ်ဦးသည် ဆေးကြောင်ပြီး သုံးမြှောင့်ချွန်ဓါးဖြင့် အမျိုးသမီးတစ်ဦးကို ၈ ချက်ခန့်ထိုးပြီး ထွက်ပြေးသွားခြင်းဖြစ်သည်။

“ကျနော့်ညီမက Wave Money လဲတဲ့ အလုပ်လုပ်နေတာ၊ စကားများတာလဲမရှိ။ ဘာရန်ငြိုးမှမရှိပဲ အိမ်ဝိုင်းထဲပြေးဝင်ပြီး အသားလွတ်ကြီး ဝင်လုပ်သွားတာ” ဟု ဓားနှင့်အထိုးခံလိုက်ရသူ မသန္တာအောင်၏ အစ်ကိုဖြစ်သူက ပြောသည်။

မင်းထိန်ကျေးရွာနေ မသန္တာအောင်သည် သူမနေအိမ်အတွင်းရှိ ထိုင်ခုံပေါ်တွင်ထိုင်နေစဉ် မျက်နှာချင်းဆိုင်အိမ်မှ မူးယစ်ဆေးသုံးစွဲထားပုံရသည့် ကိုသာထူးဆိုသူက နေအိမ်ဝန်းအတွင်း ပြေးဝင်လာပြီး သုံးမြှောင့်ချွန်ဓားနှင့် ၈ ချက်ထိုးပြီး ထွက်ပြေးသွားခြင်းဖြစ်သည်ဟု မိသားစုဝင်များနှင့် ဒေသခံရွာသားများက ပြောသည်။

သုံးမြှောင့်ဓါးဖြင့် ထိုးသွင်းခံရမှုကြောင့် မသန္တာအောင်၏ နောက်ကျောဘက်တွင် ထိုးသွင်းဒဏ်ရာ ခုနှစ်ချက်၊ လည်ပင်းတွင် ပြတ်ရှဒဏ်ရာတစ်ချက် အထိုးခံခဲ့ရပြီး သွေးကြောအနည်းငယ် ပြတ်သွားသည်ဟု ပုလောမြို့ ပြည်သူ့ဆေးရုံကြီးမှ တာဝန်ကျဆရာဝန်တစ်ဦးက ဆိုသည်။

အဆိုပါ ထိုးသွင်းဒဏ်ရာများသည် အဆုတ်ကို ထိခိုက်မှုမရှိသည့်အတွက် အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးဟုလည်း အဆိုပါ တာဝန်ကျ ဆရာဝန်က ပြောသည်။

တရားခံအား ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းမေးမြန်းမှုများ လုပ်ဆောင်နေသည်ဟု မင်းထိန် အုပ်ချုပ်ရေးမှူး ဦးမျိုးနိုင်ဦးက ပြောသည်။

“ရဲတွေကတော့ ဆေးကြောင်ပြီး လုပ်တာဖြစ်နိုင်တယ်လို့တော့ အကြမ်းမှတ်ချက်ပြုသွားပါတယ်။ တောင်ယာတွေကထူတော့ လက္ကူးဘက် ပုန်းနေသလား၊ ရွာအနီးမှာပဲ ပုန်းနေမလား မသိနိုင်သေးဘူး“ ဟု မင်းထိန် အုပ်ချုပ်ရေးမှူး ဦးမျိုးနိုင်ဦးက ပြောသည်။

ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားနေ့၊ မွန်းလွှဲ ၁ နာရီအချိန်ခန့်တွင် ဓါးထိုးမှုဖြစ်ပွားခဲ့သည့်နေရာသို့ ရောက်ရှိလာပြီး သုံးမြှောင့်ဓါးဖြင့် ဝင်ထိုးသွားသူကို ဖမ်းဆီးမိရန်အတွက် စုံစမ်းမှုများ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်သွားကြောင်း မင်းထိန် အုပ်ချုပ်ရေးမှူး ဦးမျိုးနိုင်ဦးက အတည်ပြုပြောဆိုသည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...