လူထုကာကွယ်ရေးတပ် PDF နှိမ်နင်းရန်အတွက် ရလခ စစ်တိုင်းရုံးမှ ပြည်သူ့စစ်ထံ အင်အားဆင့်ဆို

လူထုကာကွယ်ရေးတပ် PDF နှိမ်နင်းရန်အတွက် ရလခ စစ်တိုင်းရုံးမှ ပြည်သူ့စစ်ထံ အင်အားဆင့်ဆို
ပြည့်သူ့စစ်နှင့်ရဲတို့ပူးပေါင်းလှုပ်ရှားမှုတနေရာ
ပြည့်သူ့စစ်နှင့်ရဲတို့ပူးပေါင်းလှုပ်ရှားမှုတနေရာ

သျှမ်းပြည်အတွင်း လှုပ်ရှားနေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များကို နှိမ်နင်းရန်အတွက် အာဏာသိမ်းစစ်ကောင်စီက ဌာနေပြည်သူ့စစ်များကို အင်အားဖြည့်တင်းစေပြီး စစ်ကူတောင်းလာကြောင်း သတင်းသိရသည်။

သျှမ်းပြည်တောင်ပိုင်းအတွင်း လှုပ်ရှားနေသည့် လူထုကာကွယ်ရေးတပ်အား နှိမ်နင်းရန်အတွက် ပြည်သူ့စစ်တပ်ဖွဲ့တိုင်းအင်အား ဖြည့်တင်းရန်၊ ကိုင်ဆောင်ထားသည့် သေနတ်များ၊ လူစာရင်းများ စစ်တိုင်းရုံးထံ စာရင်းပေးပို့ရန်၊ လူထုကာကွယ်ရေးတပ်ထံ သေနတ်များ လှုပ်ရှားမှုဆိုင်ရာများ ကူညီပံ့ပိုးခြင်း လုံးဝမပြုလုပ်ရန် စသဖြင့် ခိုလမ်အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တိုင်းရုံးက သြဂုတ်လ ၇ ရက်နေ့က ဆင့်ခေါ်ပြောကြားကြောင်း ကြားသိရသည်။

“အဓိက ကတော့ ကိုင်ဆောင်ထားတဲ့ သေနတ်တွေ ပြည်သူ့စစ်နဲ့ မသက်ဆိုင်တဲ့သူဆို ပေးမကိုင်ဖို့၊ တရုတ်တို့ စီးပွားရေးသမားတို့ပါ ပေးမကိုင်ဖို့၊ နောက်ပြီး ဒီသျှမ်းပြည်ထဲက လှုပ်ရှားတဲ့ PDF တွေကို ကူညီနှိမ်နင်းဖို့ စစ်ကူတောင်းတဲ့ တွေ့ဆုံမှုကြီးပါ၊ အဲဒါပြောတဲ့သူက ဒု-တိုင်းမှူးပါ” ဟု အမည်မဖေါ်လိုသည့် ပြည်သူ့စစ်အရာရှိတဉီးက ပြောသည်။

အပြင် ပြည်သူ့စစ်တပ်ဖွဲ့များ မောင်းနှင်နေသည့် လိုင်စင်မဲ့ကားများလည်း သျှမ်းပြည်နယ်အတွင်းမှ ကျော်လွန်ပြီး မောင်းနှင်ခြင်းမပြုဖို့လဲ တားမြစ်ကြောင်း ကြားသိရသည်။

“ဆန္ဒပြတာတွေကတော့ သျှမ်းပြည်ထဲမှာ မရှိတော့ဘူးလေ၊ ဒါပေမဲ့ သျှမ်းပြည်ထဲမှာက တိုင်းရင်းသားလက် နက်ကိုင်တွေများတယ်၊ နမ့်စန်ထဲမှာ သျှမ်းတပ်လဲရှိတယ်၊ တခြား PDF တွေကလည်း ရှိလာနိုင်တော့ တစ်ခုခုတိုက်ခိုက်မှုရှိလာရင် စစ်သားတွေအစား ပြည်သူ့စစ်တွေကို အရင်ဆုံးထိုးကြွေးလိုက် တာလို့ပဲမြင်တယ်” ဟု နမ့်စန်ဒေသခံ စိုင်းခမ်း (နာမည်လွဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်မှ PDF များကို နှိမ်နင်းရန်အတွက် ဌာနေပြည်သူ့စစ်များထံ စစ်ကူတောင်းခံခြင်းနှင့်ပက်သက်ပြီး တော်လှန်ရေးလှုပ်ရှားမှုများကို တွန့်ဆုတ်စေနိုင်မည်မဟုတ်ကြောင်း သျှမ်းပြည်အခြေစိုက် PDF တစ်ဖွဲ့မှ တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီကနေ ပြည်သူ့စစ်စီကနေ စစ်ကူတောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး သူတို့က PDF တွေကို နှိမ်နှင်းတာ မနှိမ်နင်းတာက သူတို့အပိုင်းပေါ့နော်၊ ပြည်သူ့စစ်တွေပါလာလို့ဆိုပြီးတော့ ကျနော်တို့က ထိတ်လန့်စိုးရွံ့တာမျိုး ရှိမှာမဟုတ်ဘူး၊ ကျနော်တို့ လုပ်ဆောင်ချက်ရဲ့ နဂိုရည်မှန်းချက်တွေကိုက စစ်ကောင်စီတွေကို ချေမှုန်းပစ်မယ်၊ သူတို့မဟာမိတ်တွေကိုပါ ရှင်းထုတ်ဖို့လည်း ဝန်မလေးပါဘူး၊ အာဏာရှင်စနစ် ပျက်သွားအောင် ကျနော်တို့ အောင်ပွဲစီကိုပဲ ချီတက်သွားမှာပါ” ဟု ၎င်းကပြောသည်။

PDF များကို တောနင်းရှာရန်နှင့် နယ်မြေရှင်းလင်းရေးလုပ်ရန် စစ်ကောင်စီက ဌာနေပြည်သူ့စစ်များကို ဖိအားပေးထားကြောင်း၊ PDF များကို နှိမ်နင်းရန်အတွက် စစ်ကောင်စီမှ ဌာနေပြည်သူ့စစ်များထံသို့ တစ်ဖွဲ့လျှင် အင်အား ၁၀၀ တောင်းခံထားကြောင်းလည်း သျှမ်းတောင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခု SSSG–PDF ထံမှလည်း သိရသည်။

လွိုင်လင်ခရိုင်အတွင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၇ ဖွဲ့ ခန့်ရှိကြောင်း၊ ပင်လုံ – လွယ်ခြယ်အခြေစိုက် အထူးဒေသ ၆ ပအိုဝ်းအဖွဲ့၊ လဲချား – နမ့်စန် နမ့်ဟူးဖရားထမ့်အဖွဲ့၊ ၀န်ပန်အဖွဲ့၊ ကွန်ဟိန်း – ကာလိအဖွဲ့၊ နမ့်စန် – မတ်ကျိုင်း အဖွဲ့၊ နားရိုင်းအဖွဲ့ နှင့် မဟာကြာ ဉီးဆောင်သည့် ဟိုမိန်းပြည်သူ့စစ်အဖွဲ့တို့ ရှိသည်။

 
 

 

 

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...