သီပေါ နမ့်လန်ဒေသရှိ စစ်ရှောင် (၅၀၀) ကျော် သောက်ရေနှင့် စားနပ်ရိက္ခာခက်ခဲနေ

သီပေါ နမ့်လန်ဒေသရှိ စစ်ရှောင် (၅၀၀) ကျော် သောက်ရေနှင့် စားနပ်ရိက္ခာခက်ခဲနေ

သျှမ်းမြောက် သီပေါမြို့နယ် နမ့်လန်ဒေသတွင် ပြီးခဲ့သည့် သြဂုတ်လ (၁၁) ရက်နေ့က သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင် (၅၀၀) ကျော် သောက်ရေနှင့် စားနပ်ရိက္ခာ ခက်ခဲနေကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) တို့ သီပေါမြို့နယ် နမ့်လန်ဒေသ ဝမ်ကောင်းနှင့် လွယ်လုံရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ ကုန်းကော်ဘုန်းကြီးကျောင်းနှင့် အနီးနားတွင် လာရောက်ခိုလှုံနေရပြီး သောက်ရေနှင့်စားနပ်ရိက္ခာ ခက်ခဲနေတာဖြစ်ကြောင်း သိရသည်။

“သောက်ရေက အဝီစိတွင်းကိုပဲ အားကိုးနေရတယ်၊ ကျောင်းက သံဃာတွေအပြင် စစ်ဘေးရှောင်တွေလည်းများတော့ သောက်သုံးရေလည်း မလောက်တော့ဘူး၊ နောက်ပြီး စားနပ်ရိက္ခာလည်း ခက်ခဲနေတယ်” ဟု ကုန်းကော်ကျောင်းတိုက်မှ ဆရာတော်က သျှမ်းသံတော်ဆင့်ကို မိန့်သည်။

ကုန်းကော်ကျောင်းတွင် ရောက်ရှိနေသည့် စစ်ရှောင်များမှာ ဝမ်ကုန်းရွာနှင့် မန်ကျောင်းရွာမှ ဒေသခံများဖြစ်ပြီး ကျောင်းအနီး နေထိုင်သူများအပါအဝင် လူဦးရေ (၅၀၀) ခန့်ရှိကြောင်း၊ ထို့အပြင် ကျောင်းတိုက်ရှိ သံဃာ (၆၀) ကျော်မှာလည်း ဆွမ်းအခက်ခဲဖြစ်နေကြောင်း ဒေသခံများထံမှ ကြားသိရသည်။

“သံဃာတော်တွေအတွက် အရင်ကတော့ ရွာထဲမှာ ဆွမ်းချိုင့်ဆွဲပြီး ကပ်လှူနေကြတာ၊ ခုက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတော့ သံဃာတွေအတွက်လည်း ဆွမ်းအခက်အခဲ ဖြစ်သွားတာ” ဟု ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ထိုဒေသရှိ နောင်ပိန်နှင့် ဝမ်ကျောင်းဒေသခံတချို့သည် ချောင်းအရှေ့ဘက်ရှိ ဖက်ဟီ့ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်သွားသူများလည်း (၃၀) ကျော်ခန့် ရှိနေကြောင်း သိရသည်။

ယခုရက်ပိုင်း တိုက်ပွဲသံ ငြိမ်သွားသော်လည်း လက်နက်ကိုင်တပ်များက ရွာတွင်းမှာ ရှိနေသေးသည့်အတွက် နေအိမ်သို့ မပြန်ရဲသေးတာဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သျှမ်းမြောက် သီပေါမြို့နယ်တွင် သျှမ်းတပ် (၂) တပ်ဖြစ်သည့် RCSS/SSA နှင့် SSPP/SSA တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး နေရပ်ကို မပြန်နိုင်သေးသည့် ဒေသခံ (၈၀၀) ဝန်းကျင်ရှိနေကြောင်း၊ ထို့ကြောင့် တိုက်ပွဲများ အမြန်ဆုံး အဆုံးသတ်ကြရန် ဒေသခံများမှ မျှော်လင့်နေကြကြောင်း သိရသည်။

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...