ကျောက်တော်မြို့နယ် တောင်မင်းကုလားရွာ စစ်ဘေးရှောင်စခန်းအနီးတွင် စစ်ပွဲလက်ကျန်ဗုံးသီးကြီးတစ်လုံးတွေ့၊ ကြောက်လန့်၍ ဒေသခံများ ဟင်းရှာထင်းခုတ် မသွားနိုင်ဘဲဖြစ်နေရ

ကျောက်တော်မြို့နယ် တောင်မင်းကုလားရွာ စစ်ဘေးရှောင်စခန်းအနီးတွင် စစ်ပွဲလက်ကျန်ဗုံးသီးကြီးတစ်လုံးတွေ့၊ ကြောက်လန့်၍ ဒေသခံများ ဟင်းရှာထင်းခုတ် မသွားနိုင်ဘဲဖြစ်နေရ

ကျောက်တော်မြို့နယ် တောင်မင်းကုလားရွာ စစ်ဘေးရှောင်စခန်းအနီးတွင် စစ်ပွဲလက်ကျန် အမျိုးအမည်မသိ ဗုံးသီးကြီးတစ်လုံးတွေကရှိရာမှ ဒေသခံများမှာ ကြောက်လန့်၍ ဟင်းရှာထင်းခုတ် မသွားနိုင်ဘဲဖြစ်နေရသည်ဟု သတင်းရရှိသည်။

၎င်းဗုံးသီးမှာ အလွန်ကြီးမားပြီး ၂ ပေ၊ ၃ ပေခန့်ရှည်ကြောင်း၊ လုံးပတ်မှာ ၅ ထွာပတ်လောက်ရှိကြောင်း၊ အနီးကပ်သွားမကြည့်ရဲသဖြင့် အရွယ်အစားပမာဏကို သေချာမသိကြောင်း စခန်းကအမျိုးသမီးနှင့် ကလေးတာဝန်ခံ ဒေါ်မအေးခင်းက ပြောသည်။

"အခုတော့ တောတောင်တွေကို ဘယ်သူမှာ ဟင်းရှာထင်းခုတ် မသွားကြတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ကလေးတွေ ဟင်းရှားသွားတော့ ဗုံးတစ်လုံးတွေလို့ ကြောက်ပြီးတော့ မသွားကြတာပါ။ အဲအနီးက တောင်မှာလည်း မိုင်းတစ်လုံးထပ်တွေ့တယ်လို့ပြောတယ်။ သွားမကြည့်ကြဘူး။ အဲစစ်နက်လက်တွေကြောင့် လူသေတာတွေကိုလည်း ကြားနေရတော့ မသွားရဲတော့ဘူး။ အဲဗုံးက ဒီအတိုင်းပဲရှိနေပါတယ်။ ကျမတို့သွားနေတဲ့ တောတောင်တွေမှာလည်း ရှိနိုင်တာပေါ့" ဟု ပြောသည်။

မိုးရာသီသည် မျှစ်၊ သင်္ဘောဥ (ရခိုင်အခေါ်)၊ အခြားဟင်းသီးဟင်းရွက်များမှာ ပေါများဆုံးအချိန်ကာလဖြစ်ပြီး ယခုနှစ်တွင် စျေးကောင်းရသော်လည်း မြေမြုပ်မိုင်းနှင့် စစ်လက်နက် အကြွင်းအကျန်ပစ္စည်းများ အန္တရာယ်ကို စိုးရိမ်၍ ဒေသခံများမှာ ဟင်းခူးဟင်းရှာ မသွားဝံ့ဘဲဖြစ်နေကြောင်း ပုဏ္ဏာကျွန်းမြို့နယ် အထက်မြတ်လှဲကျေးရွာက မခင်က ပြောသည်။

"အစ်ကိုတစ်ယောက် မိုင်းထိပြီး ခြေထောက်ပြတ်သွားကတည်းက တောင်ထဲကို ဟင်းရှာဖို့ မသွားတော့ဘူး။ ကျမတို့က တောတောင်ကို မှီခိုပြီး စားသောက်နေကြတာပါ။ ဒါပေမဲ့ နောက်ထပ် အစ်ကိုလိုမျိုးဖြစ်မှာကို ကြောက်တာပေါ့။ ကိုဗစ်ကာလဆိုတော့ စားရေးသောက်ရေး အဆင်မပြေဘူးလေ။ ရွာအနီးအနားလောက်က မျှစ်တွေဘာတွေ ခူးစားကြပါတယ်။ တောထဲတောင်ထဲ မသွားဝံ့ကြဘူး" ဟု ပြောသည်။

လက်ရှိရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိသည်မှာ (၉) လခန့် ကြာမြင့်နေပြီဖြစ်သဖြင့် တချို့ စစ်ဘေးရှောင်များမှာ ၎င်းတို့အစီအစဉ်ဖြင့် ၎င်းတို့နေရပ် ပြန်သွားသူများရှိကြောင်း၊ ရွာပြန်နေကြသူအများစုမှာ တောတောင်ကိုမှီခိုပြီး လုပ်ကိုင်စားသောက်နေကြရသဖြင့် တောထဲတောင်ထဲရှိ မြေမြုပ်မိုင်းများနှင့် စစ်ကျန်လက်နက် ပစ္စည်းများကို တာဝန်ရှိ အဖွဲ့အစည်းများက အမြန်ဆုံး ရှင်းလင်းပေးစေလိုကြောင်း ရခိုင်တိုင်းသားမျိုးနွယ်များအစည်းအရုံး (REC) ဥက္ကဋ္ဌ ဦးရွှေဖော်စိန်က ပြောသည်။

"မိုင်းအသိပညာပေးခြင်းကို ရခိုင်မြောက်ပိုင်းက မြို့နယ် ၇ ခုလောက်မှာ လုပ်ပေးသွားပြီးဖြစ်ပေမဲ့ ပြည်သူလူထု တစ်ရပ်လုံးအနေနဲ့တော့ အသိပညာ ရသွားဖို့ဆိုတာ နည်းနည်းခဲယမ်းတယ်။ ကိုယ့်အစီအစဉ်နဲ့ စစ်ဘေးရှောင် တချို့လည်း နေရပ်ပြန်သွားကြပါပြီ။ သူတို့ နေရပ်ကို ပြန်ရောက်လည်း တိုက်ပွဲတွေဖြစ်ခဲ့တဲ့ တောတောင်တွေကို မှီခိုစားသောက်ရမှာဖြစ်ပါတယ်။ စစ်ပွဲဖြစ်တဲ့ ဧရိယာတွေ ဖြစ်တဲ့အတွက် တစ်နေ့နေတော့ သူတို့အတွက် ဒီမိုင်းအန္တရယ်က မကြုံလို့ ပြောလိုမရဘူး။ ဒါကြောင့် အတတ်နိုင်ဆုံး ရှင်းလင်းပေးဖို့လိုအပ်နေပါတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်စခန်းပေါင်း ၁၃၂ ခုရှိပြီး စခန်းများတွင် စစ်ဘေးရှောင်လူဦးရေ ၆၇,၁၈၁ ကျော် ကျန်ရှိနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ စာရင်းများတွင် ဖော်ပြသည်။

၎င်းတို့အများစုမှာ မြေမြုပ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများ အန္တရာယ်ကို စိုးရိမ်၍ မူလနေထိုင်ခဲ့ရာ ကျေးရွာများသို့ မပြန်နိုင်ကြဘဲ စစ်ဘေးရှောင်စခန်းများတွင် စားဝတ်နေရေးအခက်အခဲ အကျပ်အတည်းများနှင့် နေထိုင်နေကြရကြောင်း အရပ်ဖက်အဖွဲ့များက ဆိုသည်။

 
 

 

 

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...