မိုင်းငေါ့စစ်ရှောင်စခန်းအနီး လက်နက်ကြီးကျ၊ စစ်ရှောင်နေရာပြောင်းရန် ပြင်ဆင်နေ

မိုင်းငေါ့စစ်ရှောင်စခန်းအနီး လက်နက်ကြီးကျ၊ စစ်ရှောင်နေရာပြောင်းရန် ပြင်ဆင်နေ

သျှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ရှိ စစ်ရှောင်စခန်းအနီးတွင် သြဂုတ်လ (၁၄) ရက်နေ့၊ မွန်းလွဲ (၃) နာရီခန့်က လက်နက်ကြီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် စစ်ရှောင်များ နေရာထပ်မံပြောင်းရန် ပြင်ဆင်နေကြောင်း စုံစမ်းသိရသည်။

မိုင်းငေါ့မြို့ မန်ပင့်ကျေးရွာ စာသင်ကျောင်းတွင် စစ်ရှောင်စခန်းဖွင့်လှစ်ထားတာဖြစ်ပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် စစ်ရှောင်များ နေရာပြောင်းရွှေ့ရန် ပြင်ဆင်နေကြောင်း ဒေသခံထံမှ သိရသည်။

“မန်ပင့် စစ်ရှောင်စခန်းအနီးမှာ လက်နက်ကြီးကျပြီး ပေါက်ကွဲတာ၊ စစ်ရှောင်တွေ ထိခိုက်တာတော့မရှိဘူး၊ ဒါပေမယ့် စစ်ရှောင်စခန်းနဲ့ အရမ်းနီးလို့ စစ်ရှောင်တွေ ကြောက်ပြီး နေရာပြောင်းဖို့ ပြင်နေတာပါ” ဟု စစ်ဘေးရှောင်များကို ကူညီနေသည့် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုနေ့တွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မဟာမိတ်တပ်များဖြစ်သည့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)၊ တအာင်း (ပလောင်) အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA) တို့ မိုင်းငေါ့နှင့် မန်ပင့်ကျေးရွာလမ်းခွဲအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် မန်ပင့်စစ်ရှောင်စခန်းအနီး လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ရှောင်စခန်းအနီးတွင် ပြီးခဲ့သည့် (၃) လဝန်းကျင်ကလည်း လက်နက်ကြီးတစ်ကြိမ် ကျရောက်ပေါက်ကွဲခဲ့ဖူးကြောင်း၊ ထိုစစ်ရှောင်စခန်းတွင် စစ်ရှောင် (၁၀၀) ခန့်ရှိနေပြီး အခြားနေရာသို့ ပြောင်းရွှေ့ရန် အခက်ခဲများဖြစ်နေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

“မိုင်းငေါ့နယ်ထဲက တစ်ခြားနေရာကို ပြောင်းဖို့ကလည်း နေရာက အခက်ခဲဖြစ်နေတယ်၊ ကျောက်မဲမြို့ပေါ်ကို ပြောင်းလာဖို့ကလည်း ကိုဗစ်ရောဂါကြောင့် ပြောင်းလာဖို့မလွယ်ဘူး” ဟု စစ်ရှောင်များကို ကူညီနေသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မိုင်းငေါ့ရှိ စစ်ရှောင်များအပါအဝင် ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် RCSS/SSA နှင့် SSPP/SSA ၊ TNLA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

 
 

 

 

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...