မင်းပြားမြို့တွင် ကိုဗစ်ကာလအတွင်း ဖုန်းနှင့် လျှပ်စစ်ပစ္စည်းဆိုင်များ ဖောက်ထွင်းခိုးယူခံရမှု များလာနေ

မင်းပြားမြို့တွင် ကိုဗစ်ကာလအတွင်း ဖုန်းနှင့် လျှပ်စစ်ပစ္စည်းဆိုင်များ ဖောက်ထွင်းခိုးယူခံရမှု များလာနေ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် လက်ရှိကိုဗစ်ကာလအတွင်း ဖုန်းနှင့် လျှပ်စစ်ပစ္စည်းဆိုင်များမှ ဖောက်ထွင်းခိုးယူမှု များလာနေသည်ဟု သတင်းရရှိသည်။

ယခုလ ဩဂုတ် ၁၂ ရက်နေ့က မင်ပြားမြို့၊ အလယ်ပိုင်းရပ်ကွက်တွင် တည်ရှိသည့် ပြုံးမေတ္တာ-၁ ဖုန်းနှင့်ဆက်စပ်ပစ္စည်းဆိုင် ဖောက်ထွင်းခိုးယူခံခဲ့ရသည်ဟု သိရသည်။

ပြုံးမေတ္တာ-၁ ဆိုင်ပိုင်ရှင် ကိုစိုးမိုးကျော်က “ဩဂုတ် ၁၂ ရက်နေ့ မနက်မိုးလင်းလို့ ဆိုင်သွားဖွင့်တော့ ဆိုင်တံခါးတွေပျက်နေတယ်။ တံခါးက ပျဉ်ချပ်တွေ ရိုက်ချိုးထားတာတွေ့ရတယ်။ အခုတော့ ဆိုင်ပိတ်ပြီးပြန်ရင် တန်ဖိုးကြီးတဲ့ပစ္စည်းတွေကို အိမ်ကိုပြန်သယ်သွားပါတယ်။ အဲ့ဒီလို ဖြစ်သွားတဲ့အတွက် အခုနောက်ပိုင်း ဆိုင်ဖွင့်ရတာ စိတ်ပျက်လာပါတယ်။ ညကျရင်လည်း စိုးရိမ်စိတ်နဲ့ အိပ်မပျော်ဘူး။ ကိုယ့်ဆိုင် ထပ်ပြီး ဖောက်ထွင်းခံရမလားဆိုပြီး စိုးရိမ်စိတ်တွေဝင်နေပါတယ်“ ဟု ပြောသည်။

ပြုံးမေတ္တာ ၁ ဆိုင်မှ အဆိုပါနေ့က အခိုးခံရသောပစ္စည်းများမှာ ဖုန်း ၂ လုံးနှင့် ဖုန်းနှင့်ဆက်စပ်ပစ္စည်းဖြစ်ကြပြီး တန်ဖိုးစုစုပေါင်း ၁၀ သိန်းခန့် ရှိကြောင်း ၎င်းက ပြောကြားသည်။

ဇူလိုင်လ ၂၅ ရက်နေ့မှာ မိဘမေတ္တာဖုန်းနှင့်ဆက်စပ်ပစ္စည်းဆိုင်က ဖုန်းနှင့် ဘက်ထရီအိုး ၂ လုံး စုစုပေါင်းတန်ဖိုး ခြောက်သိန်းခန့် ဖောက်ထွင်း ခိုးယူခံခဲ့ရသလို ဇူလိုင်လ ၂ ရက်နေ့မှာ ကိုဌေးဝင်း ဖုန်းနှင့်လျှပ်စစ်ပစ္စည်းဆိုင်က ဖုန်း ၃ လုံးနှင့် ငွေသား ၅ သိန်း အပါအဝင် စုစုပေါင်းတန်ဖိုး သိန်း ၂၀ ခန့် ဖောက်ထွင်းခိုးယူခံခဲ့ရသည်ဟု ကာယကံရှင်များက ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့မှာ ငွေဖြည့်ကဒ်၊ ဖုန်း ၃ လုံးနှင့် ဖုန်းနှင့်ဆက်စပ်ပစ္စည်းများ စုစုပေါင်းတန်ဖိုး ရှစ်သိန်းခန့် ဖောက်ထွင်းခိုးယူခံခဲ့ရသည့် ငွေစန္ဒာ ဖုန်းနှင့် ဆက်စပ်စ္စည်းဆိုင်ပိုင်ရှင် ကိုမောင်မောင်လှက “ကျွန်တော်ဆိုင်ကို ဝင်ဖောက် သွားတာကတော့ ကြာပြီ။ မတ်လကတည်းကပါ။ လူသုံးယောက်ပါ။ ကျွန်တော် ဆိုင်လမ်းတစ်ဘက်က CCTV (လုံခြုံရေးကင်မရာ) ကြည့်လို့သိရတာပါ။ အခု ရပ်ကွက်အုပ်ချုပ်ရေးမှူးကို တိုင်ထားပေမယ့် အရေးယူမှုတွေ မလုပ်နိုင်တဲ့အတွက် ကျွန်တော်တို့ ရက္ခိုင့်တပ်တော်ကို ဆက်တိုင်ဖို့ စီစဉ်နေပါတယ်။ ခိုယူသွားတဲ့သူတွေကို ဖမ်းပြီး ဆုံးရှုံးသွားတဲ့ ကိုယ့်ပစ္စည်းတွေကိုလည်း ပြန်လိုချင်ပါတယ်” ဟု ပြောသည်။

ယခုနှစ် ဧပြီလ ၄ ရက်နေ့ကလည်း ပြုံးမေတ္တာ-၂ ဖုန်းဆိုင်မှ ဖုန်း ၈ လုံးနှင့် ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ စုစုပေါင်း ၂၈ သိန်းခန့်ဖိုး ဖောက်ထွင်းခိုးယူခံခဲ့ရသည်ဟု သတင်းရရှိသည်။

 
 

 

 

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...