ရနောင်းတွင် ကုန်လှေရပ်နားခွင့်ကို ၅ နာရီတိုး

ရနောင်းတွင် ကုန်လှေရပ်နားခွင့်ကို ၅ နာရီတိုး

ထိုင်းနယ်စပ် ရနောင်းဆိပ်ကမ်းသို့ ကုန်ပစ္စည်းများနှင့် ရေထွက်ပစ္စည်းများ သယ်ယူပို့ဆောင်နေသည့် ကုန်လှေများ ကမ်းကပ်ရပ်နားခွင့်ကို ဩဂုတ်လ ၁၃ ရက်နေ့မှစ၍ ထိုင်းနိုင်ငံဘက်က ၅ နာရီ တိုးပေးလိုက်သည်ဟု ကုန်လှေမောင်းနေသူများက ပြောသည်။

COVID-19 ကူးစက်မှုများကို ထိန်းချုပ်နိုင်ရေး ကန့်သတ်ထားခဲ့ရာမှ တနင်္သာရီတိုင်းဒေသကြီးနယ်စပ်၊ ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ ရနောင်း (စဖန်ပလား) ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများနှင့် ရေထွက်ပစ္စည်းများ သယ်ယူပို့ဆောင်နေသည့် ကုန်လှေများကို ကမ်းကပ်ရပ်နားခွင့်ကို တိုးပေးလိုက်ခြင်းဖြစ်သည်။

“အချိန်ပိုတိုးပေးလိုက်တော့ ကျနော်တို့ လှေသမားတွေ ကုန်တင်ကုန်ချ အလုပ်သမားတွေ အလုပ်ချိန် ပိုလာတာပေါ့။ စားဝတ်နေရေးအတွက် အသင့်အတင့်လည်း ပိုထွက်လာတာပေါ့၊ အရင်က အချိန်မလောက်ငှဘူး“ ဟု ကော့သောင်းမြို့မှ ကုန်လှေမောင်းနေသူတစ်ဦးက ပြောသည်။

ယခင်က ထိုင်းကျန်းမာရေးဝန်ကြီးဌာန၏ COVID-19 ကပ်ရောဂါကာကွယ်ရေး စီမံချက်အရ ကော့သောင်းမြို့မှ ကုန်တင်ယာဉ်များအား ရနောင်းဆိပ်ကမ်း ရပ်နားခွင့်ကို နံနက် ၆ နာရီမှ နေ့လည် ၁ နာရီအထိသာ ခွင့်ပြုပေးခဲ့ရာမှ ယခုအခါ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ တိုးပေးခဲ့ခြင်းဖြစ်သည်။

ယခု ကမ်းကပ်ရပ်နားခွင့် အချိန်တိုးပေးခြင်းကို ထိုင်းနိုင်ငံ နယ်စပ်လုံခြုံရေးဆိုင်ရာကော်မတီက ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ ၁၃ ရက်နေ့က စတင်၍ အချိန်ပြန်တိုးပေးလိုက်ခြင်းဖြစ်သည်။

ယခုဆိုလျှင် ကော့သောင်းမြို့နေ ပြည်သူများ၊ ဝမ်းစာရေးအတွက် ရုန်းကန်လှုပ်ရှားနေရသည့် လှေသမားများ၊ ကယ်ရီသမားများနှင့် ကုန်ပစ္စည်းတင်လှေများ အချိန်လုံလောက်စွာဖြင့် ပိုမိုကူးသန်းရောင်းဝယ်နိုင်မည်ဟု သိရှိရသည်။

ထို့ကြောင့် အခြေခံအလုပ်သမားအများစုက ယခုကဲ့သို့ ထိုင်းဘက်ခြမ်းက အချိန်ပြန်လည်တိုးပေးသည့်အပေါ် အားရဝမ်းသာဖြစ်နေကြသည်ဟု ဆိုသည်။

မြန်မာနိုင်ငံဘက်ခြမ်းက ကော့သောင်းမြို့နှင့် ထိုင်းနိုင်ငံဘက်ခြမ်းက ရနောင်းမြို့ ဆိပ်ကမ်းဘက်သို့ ပြေးဆွဲနေသည့် ပစ္စည်းတင်လှေများက ရေထွက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ၊ အခြားသောစားသောက်ကုန်များအား အဓိက သယ်ယူပို့ဆောင်နေကြခြင်းဖြစ်သည်။

 
 

 

 

August 8, 2026
စစ်အုပ်စုကို ပြန်လည် ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံက အာဆီယံကို တိုက်တွန်းပြောဆိုထားသော်လည်း လက်ရှိ...
August 8, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုနှင့်ပတ်သက်၍...
August 7, 2026
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုတို့ကြောင့် ရခိုင်ပြည်၊ မြေပုံမြို့နယ်...
ဓာတ်ပုံ - NMG (ပုံဟောင်း)
August 7, 2026
ကချင်ပြည်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်က အင်အားဖြည့်တင်းမှုများ...