ICRC (နိုင်ငံတကာကြက်ခြေနီအဖွဲ့) မှ ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့ကို စားနပ်ရိက္ခာများထောက်ပံ့ပေးရာတွင် ရခိုင်ပြည်နယ်အစိုးရက ကိုဗစ်ကြောင့် အကန့်အသတ်များ ချမှတ်လိုက်သဖြင့် ထောက်ပံ့မှုများကို ယာယီရပ်နားထားရသည်ဟု သတင်းရရှိသည်။
တိမ်ညို စစ်ဘေးရှောင်စခန်းကို ICRC မှလစဉ်စားနပ် ရိက္ခာထောက်ပံ့ပေးမှုများရှိခဲ့သော်လည်း ယခုသြဂုတ်လတွင် အစိုးရက ခွင့်ပြုချက်မပေးသဖြင့် ထောက်ပံ့မှုများ ရပ်နားထားရမည်ဖြစ်ကြောင်း ICRC မှ ဩဂုတ် ၁၂ ရက်နေ့က စခန်းတာဝန်ခံအား ဖုန်းဆက်အသိပေးခဲ့ကြောင်း ၎င်းစခန်း၏ တာဝန်ခံဦးဦးစိုးနိုင်မှ နိရဥ္စရာသို့ အတည်ပြုပြောကြားခဲ့သည်။
“မနေ့က ICRC က ကျနော့်ကိုဖုန်းဆက်ပြီး စားနပ်ရိက္ခာထောက်ပံ့တာတွေ ဒီလမှာ အစိုးရခွင့်ပြုချက် မရတဲ့အတွက် ရပ်နားထားရမယ်လို့ ဖုန်းဆက်ပြောလာတယ်။ ဒီမှာတော့ ဆန်နည်းနည်းနဲ့ အခြား စားနပ်ရိက္ခာတွေကတော့ ပြတ်လုနီးပါးဖြစ်နေပြီ။ ကိုဗစ်ကာလဖြစ်နေတော့ အပြင်မှာ ဟင်းတွေဘာတွေ သွားရှာဖို့လည်း မလွယ်ဘူးဖြစ်နေတယ်။ ကိုဗစ်နဲ့ စခန်းကို လော့ဒေါင်းချထားရတော့ ပြင်ပကလူတွေလည်း လာပြီး ရိက္ခာတွေ လာလှူခွင့်မရဖြစ်နေတယ်။ ဒီတစ်ရက် နှစ်ရက်လောက်ထဲမှာဆိုရင်တော့ ဆန်လည်းပြတ်တော့မယ်” ဟု ဦးစိုးနိုင်က ပြောသည်။
ကျောက်တော်မြို့နယ်ရှိ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးအောင်ကျော်ဝင်းက “စားနပ်ရိက္ခာပြတ်လပ်နေပြီး NGO အဖွဲ့အစည်း တွေကတော့ ဘဏ်အခက်အခဲတွေကြောင့် ထောက်ပံ့ငွေတွေမရတာလည်း သုံးလနီးပါးရှိနေပါပြီ။ စားဖို့သောက်ဖို့ကို အချင်းချင်းချေးငှါးပြီး သုံးနေရတယ်။ အရမ်းကိုခက်ခဲနေတယ် စားဖို့သောက်ဖို့အတွက် အပြင် ထွက်ပြီး အလုပ်တွေ လုပ်ရလည်း အဆင်မပြေဘူး။ ကိုဗစ်ရောဂါ ကာကွယ်ရေးပစ္စည်းတွေလည်း လုံးဝနီးပါးမရှိတဲ့အတွက် အပြင်ထွက်ဖို့လည်း အန္တရာယ်များရတယ်” လို့ သူကပြောသည်။
ရခိုင်က စစ်ဘေးရှောင်စခန်းအချို့ကို ICRC မှ တစ်လလျှင် အိမ်ထောင်စုတစ်စုစီအတွက် ဆန် ၅၀ ကီလို တစ်အိတ်၊ လောင်စာခဲ ၅၀ ကီလိုတစ်အိတ်နှင့် အခြား ဆီ၊ သကြား၊ ဆား စသည့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးကြောင်း သိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက “လောလောဆယ်မှာ တားမြစ်ထားတယ်လို့တော့ မဟုတ်ဘူး။ ကိုဗစ်ရောဂါကြောင့် အန္တရာယ်ကင်းရှင်းအောင် သွားပြီးထောက်ပံ့မဲ့သူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပြီးသွား စသဖြင့် ကန့်သတ်ချက်တွေ သတ်မှတ်ပေးပြီးဆောင်ရွက်သွားမယ်။ ဒီတစ်ရက်နှစ်ရက်အတွင်းမှာတော့ အဲဒီကန့်သတ်ချက်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးသွားဖို့ရှိတယ်” ဟု သူကပြောသည်။
ရခိုင်တွင် လက်ရှိအချိန်ထိ စစ်တမ်းများအရ နေရပ်မပြန်နိုင်ဘဲ စခန်းများတွင် နေထိုင်သူ စစ်ဘေးရှောင်ပေါင်း ၆ သောင်းကျော်ရှိနေပြီး စခန်းတိုင်းနီးပါး စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကြုံနေကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ICRC သို့ဆက်သွယ်ရာ ဆက်သွယ်မှုမရရှိခဲ့ပါ။







