ဝန်ကြီးဟောင်း ဦးကျော်လွင် ဖမ်းဆီးခံရသည့်နေ့တွင်ပင် ဦးညီပုအပါအဝင် ရခိုင်ပြည်နယ်ဝန်ကြီးဟောင်း ၅ ဦးကို အဂတိမှုဖြင့် တရားစွဲကြောင်းကြေညာ

ဝန်ကြီးဟောင်း ဦးကျော်လွင် ဖမ်းဆီးခံရသည့်နေ့တွင်ပင် ဦးညီပုအပါအဝင် ရခိုင်ပြည်နယ်ဝန်ကြီးဟောင်း ၅ ဦးကို အဂတိမှုဖြင့် တရားစွဲကြောင်းကြေညာ

စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်ကို ယနေ့နေ့လယ်က ရမ်းဗြဲမြို့နေအိမ်က ဖမ်းဆီးပြီးနောက် သူအပါအဝင် ဝန်ကြီးဟောင်း ၅ ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုလိုက်သည်ဟု စစ်တပ်ပိုင် မြဝတီရုပ်သံက ယနေ့ည ၈ နာရီသတင်းတွင် ကြေညာခဲ့သည်။

စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်နှင့်အတူ တရားစွဲဆိုခံရသူများမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံတို့ ဖြစ်ကြသည်။

ဝန်ကြီးဟောင်းများဖြစ်ကြသည့် ဦးညီပု၊ ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံ၊ ဦးမင်းအောင်နှင့် ဦးကျော်လွင်တို့သည် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာစေ၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ အမှုဖွင့်အရေးယူထားကြောင်း၊  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် သြဂုတ်လ ၁၂ ရက်နေ့တွင် စစ်တွေ မြို့မရဲစခန်း၌ ကနဦးတိုင်ချက်ဖွင့် အရေးယူထားသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ စီမံဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်း၊ လျှပ်စစ်နှင့် ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ စိုက်ပျိုးရေး/မွေးမြူရေး/ သစ်တောနှင့်သတ္တုတွင်း ဝန်ကြီးဟောင်း  ဦးကျော်လွင်တို့သည် ဂွမြို့ ရွာမရပ်ကွက်နှင့် ကင်းရိုးရပ်ကွက်ကြားရှိ ဂွချောင်း ဂုံးသောင်မြေနေရာတွင် တန်ဖိုးနည်းအိမ်ရာ ဖော်ထုတ်ရာတွင်လည်းကောင်း၊ ဝန်ကြီးချုပ် ဦးညီပု၊ ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံတို့သည် နိုင်ငံပိုင် အဆောက်အဦး ၃ ခုကို ဒေသခံများ အလုပ်အကိုင်ရရှိရေးခေါင်းစဥ်ဖြင့် အထည်ချုပ်လုပ်ငန်းလုပ်ကိုင်ရန် ကုမ္ပဏီတစ်ခုကို ဌားရမ်းခြင်းနှင့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ (၈၆၅) သန်းကို ပြည်နယ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေတွင် မထည့်သွင်းပဲ ဆက်လက်သုံးစွဲခဲ့၍လည်းကောင်း ပြည်နယ်စည်ပင် ဝန်ကြီးဟောင်း ဦးမင်းအောင်သည် လွှတ်တော်က သဘောမတူထားသည့် စျေး ၅ စျေး ဆောက်လုပ်ရာတွင် တင်ဒါလုပ်ထုံးလုပ်နည်းဖြင့် မကိုက်ညီ၍လည်းကောင်း၊ တောင်ကုတ် မြို့မစျေးတည်ဆောက်ရာတွင် သတ်မှတ်တင်ဒါစျေးထက် ကျပ်သန်း (၁၇၀) ပို၍ စာချုပ်ခဲ့၍လည်းကောင်း  အဂတိလိုက်စားမှုတိုက်ဖျက်ရေးဖြင့် တရားစွဲဆိုခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြသည်။

ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်ကို ဖေဖော်ဝါရီလ ၉ ရက်နေ့နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို ဖော်ဖော်ဝါရီလ ၁၁ ရက်နေ့တို့တွင် အသီးသီးဖမ်းဆီးထားပြီး၊ ဦးကျော်လွင်ကိုလည်း သြဂုတ်လ ၁၂ ရက်နေ့တွင် ရမ်းဗြဲမြို့နေအိမ်မှ ဖမ်းဆီးသွားကြောင်း သိရသည်။

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...