သီပေါမြို့နယ် စစ်ရှောင်နှင့်ဒေသခံ (၇၀၀) ခန့် စားနပ်ရိက္ခာ၊ ဆေးဝါး ခက်ခဲနေ

သီပေါမြို့နယ် စစ်ရှောင်နှင့်ဒေသခံ (၇၀၀) ခန့် စားနပ်ရိက္ခာ၊ ဆေးဝါး ခက်ခဲနေ

သျှမ်းမြောက် သီပေါမြို့နယ် ဆွန်လုံကျေးရွာအုပ်စုအတွင်း နေထိုင်သည့် ဒေသခံများနှင့် စစ်ရှောင်များ စားနပ်ရိက္ခာနှင့် ဆေးဝါး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။

သီပေါမြို့နယ် ဆွန်လုံကျေးရွာအုပ်စုအတွင်း မတ်လပိုင်းတွင် ရောက်ရှိလာသည့် စစ်ရှောင် (၃၀၀) ဝန်းကျင်နှင့် ကျေးရွာဒေသခံ (၄၀၀) ကျော်တို့သည် လက်ရှိမှာ စားနပ်ရိက္ခာနှင့် ဆေးဝါးများ ခက်ခဲနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

“စစ်ရှောင်နဲ့ ဒေသခံတွေအားလုံး (၇၀၀) လောက်ရှိမယ်၊ အဓိက, က စားနပ်ရိက္ခာတွေခက်ခဲနေတာ၊ နောက်ပြီး ကျန်းမာရေးမကောင်းတဲ့သူတွေအတွက် ဆေးဝါးတွေ နည်းပါးနေတယ်” ဟု စစ်ရှောင်များကို ကူညီနေသည့် သီပေါဒေသခံ အသက် (၄၀) ကျော် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို စစ်ရှောင်များနေသည့် ကျေးရွာများတွင် ကျန်းမာရေးမကောင်းသူများ ရှိသော်လည်း သီပေါမြို့ပေါ်တွင် ကိုဗစ်ကူးစက်မှု များပြားနေသည့်အတွက် ဆေးရုံဆေးခန်းသို့လာပြရန် ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။

“စစ်ရှောင်တွေနေတဲ့နေရာမှာ နေမကောင်းတဲ့သူတွေရှိတယ်၊ ခုချိန် မြို့ပေါ်မှာလည်း ဆေးဆိုင်၊ ဆေးခန်းတွေက ပိတ်ထားတယ်၊ ဆရာဝန်တွေလည်း နည်းပါးနေတယ်ဆိုတော့ သူတို့ကို ခေါ်လာပြီး ကုသဖို့ဆိုတာက ခက်ခဲတယ်” ဟု အဆိုပါဒေသခံက ပြောသည်။

လက်ရှိ သီပေါမြို့နယ် ဆွန်လုံကျေးရွာအုပ်စု ချောင်းဆုံရွာသည် ချောင်းဘေးတွင်နေထိုင်ပြီး မိုးရာသီဖြစ်သဖြင့် သွားလာရခက်ခဲနေကြောင်း၊ ထို့ပြင် ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်သဖြင့် ရွာများလည်း ဝင်/ထွက်သွားလာမှု ပိတ်ထားကြောင်း သိရသည်။

“ကိုဗစ်ရောဂါကြောင့် ရွာအဝင်/အထွက်တွေလည်း ပိတ်ထားတယ်၊ အဲ့တော့ တောင်ယာအလုပ်လည်းမလုပ်ရ၊ နောက်ပြီး အခုက ရေလမ်းကို အဓိကထားသွားလာတာဆိုတော့ ပိုပြီး ခက်ခဲနေကြတယ်” ဟု သီပေါဒေသခံက ပြောသည်။

ဆက်လက်ပြီး သီပေါမြို့နယ် ဆွန်လုံကျေးရွာအုပ်စုအတွင်းသို့ ရောက်ရှိနေသည့် စစ်ရှောင် (၃၀၀) ကျော်သည် လက်ရှိအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြား ထိတွေ့မှု တင်းမာနေဆဲဖြစ်သဖြင့် နေရပ်မပြန်ရဲသေးကြောင်း စစ်ရှောင်များကို ကူညီပေးသူများက ပြောသည်။

“တိုင်းရင်းသားလက်နက်ကိုင်တွေက ခုထိ အခြေနေတင်းမာနေဆဲပဲ၊ နောက်ပြီး သူတို့အတွက်လည်း လုံခြုံစိတ်ချမှုမရှိသေးတော့ နေရပ်ကို မပြန်ရဲကြသေးတာပါ” ဟု အထက်ပါအမျိုးသမီးက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှစတင်ကာ သျှမ်းတပ် (၂) တပ်ဖြစ်သည့် သျှမ်းပြည် ပြည်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) တို့သည် သျှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် စစ်ရေးတင်းမာခဲ့ကြသည်။

ထိုစစ်ရေးတင်းမာမှုကြောင့် သျှမ်းလူထု ထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး၊ လက်ရှိအချိန်ထိ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရသည်။

 
 

 

 

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...