လူမျိုးကြီးဝါဒကျင့်သုံးပြီး အုပ်ချုပ်နေသော စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းသွားရန် KIO အနေဖြင့် ဗမာပြည်သူလူထု၊ အဖွဲ့အစည်းများဖြင့် လက်တွဲလုပ်ဆောင်နေကြောင်း ယနေ့ကျရောက်သော ကချင်အာဇာနည်နေ့တွင် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ မိန့်ခွန်းတွင် ပါရှိသည်။
“ကချင်လွတ်လပ်ရေးအဖွဲ့ KIO သည် ဗမာလူမျိုးကြီးဝါဒကျင့်သုံးပြီး စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်နေသော စစ်တပ်ကို အမြစ်ပြတ်ချေမှုန်းသွားဖို့ ဆုံးဖြတ်ထားသည့်အတွက် တော်လှန်ရေးမဟာမိတ်အဖွဲ့၊ ဗမာပြည်သူလူထု၊ အဖွဲ့အစည်းများဖြင့် လက်တွဲကာ နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းတိုက်ခိုက်မှုများ အစီစဉ်တကျ ပြုလုပ်နေပါတယ်” ဟု KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ မိန့်ခွန်းတွင် ဖော်ပြထားသည်။
စစ်အာဏာသိမ်းပြီး တစ်လအကြာ ၂၀၂၁ မတ်လမှ စတင်ပြီး ကချင်ဒေသများတွင် စစ်တပ်ကို ခုခံတိုက်ခိုက်သည့် စစ်ပွဲများ တဖန်ဖြစ်ပေါ်လာချိန် အခြားပြည်သူများ၏ ကူညီထောက်ပံ့လာသော ဆေးဝါး၊ အစားအသောက်၊ အသုံးအဆောင်ပစ္စည်းနှင့် ငွေကြေးများကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO က လက်ခံရရှိကြောင်း ဆိုထားသည်။
ထို့အပြင် ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းများ၏ နေ့ညမပြတ် ကူညီပေးနေမှုသည်လည်း ထူးခြားသည့် သမိုင်းမှတ်တမ်းတစ်ခုဖြစ်နေကြောင်း ကျေးဇူးတင်စကား ဖော်ပြထားသည်။
အာဏာသိမ်းစစ်အုပ်စုသည် ပြည်သူကို ရန်သူသဖွယ် ပစ်သတ်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ ပြည်သူလူထုနေအိမ်များကို မီးရှို့ခြင်း၊ ငွေကြေးဥစ္စာ လုယက်ခြင်း စသည့်လုပ်ရပ်များသည် ၂၁ ရာစု မည်သည့်နေရာတွင်မျှမရှိသော ဖက်ဆစ်စနစ်ကို ကျင့်သုံးနေခြင်းဖြစ်သည်ဟု KIO ဥက္ကဋ္ဌ မိန့်ခွန်းတွင် သုံးသပ်ပြောဆိုထားသည်။
စစ်တပ်၏ အဆိုပါလုပ်ရပ်များကို ကချင်ဒေသတွင် ခံစားခဲ့ရသည်မှာ နှစ်ပေါင်း ၇၀ ကျော်ပြီဟု ဆိုထားသည်။
KIA ဝန်ထမ်းများအနေဖြင့်လည်း မြန်မာတစ်နိုင်ငံလုံးက အားပေးနေသည့်အတွက် တိုက်ပွဲတိုင်းအောင်မြင်မှုရအောင် အားစိုက်ထုတ်ကြရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စေနိုင်သော လုပ်ရပ်များကို အထူးရှောင်ရှားရန် တိုက်တွန်းထားသည်ကို တွေ့ရသည်။
ယနေ့ကျရောက်သော ကချင်အာဇာနည်နေ့ကို Covid-19 အခြေအနေကြောင့် ယခင်နှစ်များလို လူစုလူဝေးဖြင့် ပြုလုပ်နိုင်ခြင်းမရှိကြောင်း သိရသည်။
ပထမဆုံးသော ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဥက္ကဋ္ဌ GOC Lahtaw Zau Seng လုပ်ကြံသတ်ဖြတ်ခံရသော ၁၉၇၅ ဩဂုတ် ၁၀ ရက်နေ့ကို ကချင်အာဇာနည်နေ့အဖြစ် KIO က သတ်မှတ်ပြီး နှစ်စဉ်ပြုလုပ်ခဲ့ရာ ယနေ့သည် ၄၆ ကြိမ်မြောက်ရှိပြီဖြစ်သည်။
လက်ရှိတွင် ကချင်ပြည်နယ်အတွင်းနှင့် စစ်ကိုင်းတိုင်းအစပ်၊ ရှမ်းမြောက်ဒေသများတွင် စစ်ကောင်စီတပ်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲဖြစ်ပွားနေသော အချိန်ဖြစ်သည်။







