ကျောက်မဲ ဒေသခံလူငယ်တဉီးကို အာဏာသိမ်းတပ်မှ ဖမ်းဆီးရိုက်နှက်ခြေထောက်ကျိုး

ကျောက်မဲ ဒေသခံလူငယ်တဉီးကို အာဏာသိမ်းတပ်မှ ဖမ်းဆီးရိုက်နှက်ခြေထောက်ကျိုး
ကျောက်မဲမြို့တွင် မေလကပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်း
ကျောက်မဲမြို့တွင် မေလကပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်း

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ပေါ် နေအိမ်တလုံးအား အာဏာသိမ်းတပ်ဖွဲ့မှ အင်အားအလုံးအရင်းဖြင့် ဝန်းရံပိတ်ဆို့ပြီး အိမ်အတွင်းရှိ လူငယ်တဉီးအား ဖမ်းဆီးခေါ်ဆောင်ကာ ရိုက်နှက်စစ်ဆေးရာ ခြေထောက်နှစ်ချောင်းလုံးကျိုးသွားကြောင်း သတင်းရရှိသည်။

အိမ်စောင့်တပ်ဖမ်းသွားသည့် အသက် ၂၂ အရွယ် ကျောက်မဲရပ်ကွက် ၇ သားတဉီး တပ်အချုပ်ခန်းမှ ထွက်ပြေးရန်ကြိုးစားစဉ် ခြေထောက် ကျိုးသွားသည်ဟု လူငယ်၏မိသားစုထံသို့ ၂၀၂၁ ခု သြဂုတ်လ ၈ ရက်နေ့က စစ်တပ်က ဖုန်းဆက်အကြောင်းကြားလာကြောင်း လူငယ်နှင့်နီးစပ်သည့် အသိုင်းအဝိုင်းပြောပြချက်အရ သိရသည်။

“အခုထက်ထိ မိဘနဲ့ တွေ့ခွင့်မပေးသေးဘူး။ ဆေးကုသခွင့်လည်းမရဘူး၊ ဆေးဝါးဆိုင်ရာ ထောက်ပံ့မှုအတွက် ပြောတဲ့သူတွေကိုလဲ တပ်ကခြိမ်းခြောက်ထားတယ်။ ဆေးဝါးကုသခွင့်မရတဲ့အတွက် မိဘက အရမ်းစိတ်ပူနေတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သြဂုတ်လ ၆ ရက်နေ့ညပိုင်းက ကျောက်မဲမြို့ အမှတ် ၇ ရပ်ကွက်ရှိ နေအိမ်တလုံးအား အင်အား ၂၀ ခန့်ရှိ အရပ်ဝတ် စစ်ကောင်စီတပ်များ  ဝန်းရံပိတ်ဆို့ပြီး ဝင်ရောက်ရှာဖွေကြောင်း၊ ပုဒ်မ ၅၀၅ ထိထားသူ အစ်ကိုဖြစ်သူအား ဖမ်းဆီးရန်မေးမြန်းရာ အစ်ကိုဖြစ်သူ နေအိမ်တွင်မရှိသဖြင့်  နေအိမ်ရှိ ညီဖြစ်သူအား ဖမ်းဆီးခေါ်ဆောင်သွားရာ ရိုက်နှက်စစ်ဆေးရာမှ ညီဖြစ်သူ ခြေနှစ်ချောင်းလုံးကျိုးသွားကြောင်း ရပ်ကွက်သူ၊ ရပ်ကွက်သားများ ပြောပြချက်အရ သိရသည်။

“ကျနော်တို့မြို့မှာက စစ်ကောင်စီတပ်တွေက အရပ်ဝတ်နဲ့ဘဲ လှုပ်ရှားတာများတယ်၊ အရင်ကလည်း လူငယ်တွေကို အဲလိုဘဲ လိုက်ဖမ်းတာရှိတယ်၊ ဘယ်ကို ဖမ်းခေါ်သွားမှန်းမသိဘူး၊ တချို့က စရဖ ရုံး၊ တချို့ ရဲစခန်းတဲ့။ တွေ့ဖို့သွားမေးတော့ မရှိဘူးတဲ့” ဟု ကျောက်မဲမြို့နေ အသက် ၄၅ နှစ်အရွယ် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဇူလိုင်လနှင့် ဩဂုတ်လအတွင်း ကျောက်မဲမြို့ပေါ်ရှိ ရပ်ကွက်များတွင် ညအချိန် အရပ်ဝတ်နှင့် ယူနီဖောင်းဝတ်အဖွဲ့တို့ ညစဉ် ပူးတွဲကင်းလှည့် ကြောင်း၊ ဖမ်းသွားသည့် အဆိုပါလူငယ်အားလည်း ရဲစခန်းသို့ အပ်နှံခြင်းမရှိသေးသည့်အပြင် မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့်မပေးသည့်အတွက် မိသားစုဝင်များ စိုးရိမ်နေကြောင်း သိရှိရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဉီးဆောင်သည့် မြန်မာ့တပ်မတော်မှ တိုင်းပြည်အာဏာအား ၂၀၂၁ ခု ဖေဖေါ်ဝါရီလ ၁ ရက် သိမ်းယူလိုက်သည့်နောက်ပိုင်း ဆန္ဒပြသည့် ကျောက်မဲဒေသခံ လူငယ် ၂၀ ကျော် အားဖမ်းဆီးသည်ဟု သိရသည်။

အဖမ်းခံရလူငယ်များတွင် မိသားစုနှင့် တွေ့ခွင့်မရသေးသည့်အပြင် ချုပ်နှောင်ထားသည့်နေရာလည်း မသိရှိရသေးသည့်အတွက် မိဘများ အထူးစိုးရိမ်နေကြသည်။

 
 

 

 

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...