ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်ခြင်းသည် စစ်ရေးအရ တိုက်ခိုက်မှုများကိုလည်း ပိုမိုကျယ်ပြန့်လာနိုင်သည်ဟု NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST က ပြောဆိုလိုက်သည်။
NCA အပစ်ရပ်အဖွဲ့၏ ငြိမ်းချမ်ရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ပြောရေးဆိုခွင့်ရှိသူ ခွန်မြင့်ထွန်းက “ကျနော်တို့ ဒီလို ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း ကြေညာလိုက်တဲ့အတွက် ပိုပြီးတော့မှ နိုင်ငံရေးအရ နည်းလမ်းအရ ပိုပြီးမှပဲ ဖြေရှင်းစရာတွေ မရှိတော့ဘူးဆိုတဲ့ အဓိပ္ပာယ်တစ်ခုထွက်သွားလေ့ရှိတယ်နော။ ဒါကတော့ ကျန်တဲ့နည်းလမ်းတစ်ခုကတော့ ကျနော်တို့ ဒါ စစ်ရေးနည်းလမ်းတွေက ပိုပြီးတော့ ကျယ်ပြန့်လာမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ထိုသို့လုပ်ဆောင်မှုကြောင့် လက်ရှိသွားနေသည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုလည်း နောက်ပြန်ဆုတ်စေသည့် သဘောမျိုးကို တွေ့ရသည်ဟု ခွန်မြင့်ထွန်းက ဆက်ပြောသည်။
၎င်းက “ဒီ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဆိုတာ ပြည်သူလူထုရဲ့ ဆန္ဒဖြစ်တယ်။ ဒါ ရွေးကောက်ပွဲဆိုတာ အား ည်းချက်ဆိုတာကတော့ အနည်းနဲ့ အများ ရှိကြတယ်။ အဲဒါ ရှိတဲ့အားနည်းချက်ကိုလည်း သူ့ရဲ့ ဆိုင်ရာ ရွေးကောက်ပွဲဥပဒေပါ နည်းနာတွေနဲ့ ဖြေရှင်းကြဖို့ပဲရှိတယ်။ အဲတော့ အခုက ရွေးကောက်ပွဲရလဒ်မျိုးကို ဖျက်ပစ်တာကတော့ ကျနော်တို့ ဒါ ဒီမိုကရေစီအသွင်ကူးပြောင်းဖို့ နောက်ပြန်ဆုတ်စေတာဖြစ်တယ်” ဟု ပြော သည်။
ဩဂုတ်လ ၄ ရက်နေ့ကနေ ၅ ရက်နေ့အထိ ၂ ရက်တာ ကျင်းပပြုလုပ်သည့် NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲတွင်လည်း ၂၀၂၀ ရွေးကောက်ပွဲရလဒ်များ ပျက်ပြယ်ကြောင်း စစ်ကောင်စီက တစ်ဖက်သတ်ကြေညာ၍ ဖျက်သိမ်းခဲ့ခြင်းသည် မိမိတို့ပြည်ထောင်စု၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး တိုးတက်ဖြစ်ထွန်းမှု ဖြစ်စဉ်ကို နောက်ပြန်ဆုတ်စေပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် ကြီးစွာသော အဟန့်အတားဖြစ်စေသည့် လုပ်ရပ်ဖြစ်သည်ဟု ရှုမြင်သည်ဟု ထည့်သွင်းထားသည်။
လက်ရှိတွင်လည်း စစ်ကောင်စီတပ်များက တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့်သော်လည်းကောင်း NUG က ဖွဲ့စည်းပေးထားသည့် ဒေသအခြေစိုက် ပြည်သူကာကွယ်ရေးတပ် PDF များနှင့်သော်လည်းကောင်း ပြည်နယ်များနှင့် တိုင်းဒေသကြီးရှိ နေရာတော်တော်များများတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။
ထို့အပြင် စစ်ကောင်စီ၏ စစ်အင်အားဖြည့်တင်းမှုကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာမည့်အနေအထားတွင် ရှိနေသည်ဟု ဒေသအခြေစိုက် ပြည်သူကာကွယ်ရေးတပ် PDF များနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများက ဆိုသည်။
ထိုအခြေအနေများ၏ အခြားတစ်ဖက်တွင် PPST အနေဖြင့် ဧပြီလ ၂၄ ရက်နေ့က ကျင်းပခဲ့သည့် အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးထိပ်သီးအစည်းအဝေး ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အာဆီယံ အထူးသံတမန်အဖြစ် ခံအပ်ခြင်းခံရသည့် ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို ကြိုဆိုကြောင်းနှင့် နိုင်ငံတကာ ကြားဝင်စေ့စပ်ဖျန်ဖြေခြင်းများအား ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပကတိ နိုင်ငံရေးအခြေအနေနှင့် လိုက်လျောညီထွေဖြစ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်များသည် မဲမသမာမှုများကို စစ်ဆေးတွေ့ရှိရသည်ဟုဆိုကာ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းခဲ့သည်။
ထို့သို့ အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲကော်မရှင်အသစ်ကို ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပြီး ၂ နှစ်အတွင်းတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမည်ဟု ပြောဆိုထားသည်။
ထို့ပြောဆိုမှုများအတိုင်း စစ်ကောင်စီမှ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်သည့်အပြင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (နစက) မှ အိမ်စောင့်အစိုးရသို့ အမည်ပြောင်းလဲခဲ့သည်။
ထိုလုပ်ဆောင်မှုများနှင့်ပတ်သက်၍ PPST ပြောရေးဆိုခွင့်ရှိသူက “အိမ်စောင့်အစိုးရ လက်ထက်တုန်းကတော့ ဖွဲ့စည်းပုံဥပဒေအရ အာဏာလွှဲပေးခဲ့တာ အဲတော့ အဲဒီအာဏာလွှဲပေးတယ်ဆိုတဲ့အချက်ကို ပိုပြီးတော့ ထင်ရှားပေါ်လွင်အောင် လုပ်တဲ့သဘောထားမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုကတော့ ကျနော်တို့ ဒီ စစ်တပ်ကနေပြီးတော့ အာဏာသိမ်းပြီးတိုင်းမှာ တိုင်းပြည်ကိုပေးရတဲ့ ကတိကဝတ်တွေကတော့ တည်ခဲ့တာတော့ ရှားတာပေါ့လေ။ အဲတော့ အခု ဒီတစ်ကြိမ်ဟာလည်းပဲ ပိုပြီးတော့မှ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ထပ်ပြီးတော့မှပဲ ဒီစစ်အာဏာရှင်စနစ် ပိုပြီးတော့မှ ရေရှည်အတွက်ကို ဆောင်ရွက်တာလားဆိုတဲ့ဟာတွေလည်း ဒါဟာ စဉ်းစားသုံးသပ်စရာလိုပါတယ်” ဟု ခွန်မြင့်ထွန်းက ပြောသည်။
နှစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေ၊ ကပ်ရောဂါဘေးအခြေအနေနှင့် နောက်ဆက်တွဲ ကြုံတွေ့လာရသည့် ငတ်မွတ်ခေါင်းပါးဘေးများကို အဖြေရှာ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်ဟု သိရသည်။
PPST အဖွဲ့ကို NCA အပစ်ရပ်အဖွဲ့များဖြင့် ဖွဲ့စည်းထားပြီး ထိုအဖွဲ့များမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင် စီ RCSS ၊ ကရင်အမျိုးသားအစည်းအရုံး KNU ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချူပ် PNLO ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။







