ကက်သလစ်ဘုန်းတော်ကြီးနှင့် သင်းအုပ်ဆရာတစ်ဦးကို CDF ပြန်လွှတ်ပေး

ကက်သလစ်ဘုန်းတော်ကြီးနှင့် သင်းအုပ်ဆရာတစ်ဦးကို CDF ပြန်လွှတ်ပေး

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဆူရ်ခွာမြို့တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ဆက်နွယ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးခံရသော ကက်သလစ် ဘုန်းတော်ကြီးတစ်ပါးနှင့် ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦးကို ကတိခံဝန်ချက်ဖြင့် သြဂုတ်လ ၄ ရက်နေ့က ပြန်လွှတ်ပေးလိုက်ပြီဟု Chinland Defense Force (CDF) ထံမှ သိရသည်။

ဆူရ်ခွါမြို့တွင် တာဝန်ထမ်းဆောင်နေသော Catholic Rev. Fr. Noel Hrang Tin Thang နှင့် သင်းအုပ်ဆရာတော် Pu Cung Hnin တို့နှစ်ဦးကို စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုကြောင့် CDF-Hakha တပ်ဖွဲ့က ဇူလိုင် ၂၆ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ သြဂုတ်လ ၄ ရက်နေ့ CDF-Hakha တာဝန်ရှိသူများနှင့် ကက်သလစ်အသင်းတော်မှ အသင်းလူကြီး တွေ့ဆုံဆွေးခဲ့ကြပြီး၊ CDF ဘက်မှတောင်းဆိုသည့်အချက် ၄ ချက်ကို သဘောတူကတိခံဝန်ချက် လက်မှတ်ရေးခဲ့ကြပြီးနောက် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

CDF - Hakha မှ တာဝန်ရှိသူတစ်ဦးက "မနေ့ည ၁၀ နာရီ ချိန်းထားတဲ့နေရာ ရွာတစ်ရွာမှာ ကျနော်တို့ ကမ်းလှမ်းထားတဲ့အတိုင်း ထုတ်ပြန်တဲ့အတိုင်း သူတို့လက်ခံလို့ လက်မှတ်ထိုးပြီးပြီ၊ သူတို့ဖက်ကလည်း နှစ်ယောက် ဟားခါးကနေတစ်ယောက် ဆူရ်ခွားကနေတစ်ယောက် ကျနော်တို့ CDF တွေရဲ့သတင်း မဟုတ်မမှန်သတင်းတွေ သူများကိုပို့တာလည်းရှိတယ်၊ အဲဒါတွေနောက်မလုပ်ဖ်ို့ လက်မှတ်ထိုးခိုင်းပြီးတော့ ပြန်လွှတ်ပေးလိုက်တာ" ဟု ပြောသည်။

ယခုကဲ့သို့ ပြန်လွှတ်ရခြင်းသည် လူအများလေးစားရသည့် ပုဂ္ဂိုလ်များဖြစ်သည့်အတွက်ကြောင့် ပြစ်ဒဏ်ကို လျော့ပေါ့သည့်အနေဖြင့် ပြန်လွှတ်ရခြင်းဖြစ်ပြီး အရပ်သားတစ်ဦးမှ လုပ်ဆောင်ပါက လုံးဝလက်ခံခွင့်လွှတ်မည်မဟုတ်ကြောင်း CDF-Hakha က တာဝန်ရှိသူက ဆက်ပြောသည်။

ယင်း ကတိခံဝန်ချက် ၄ ချက်မှာ Catholic Rev. Fr. Noel Hrang Tin Thang အနေဖြင့် အာဏာသိမ်းစစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်မှုမရှိရန်၊ CDF-Hakha ၏ မဟုတ်မမှန်သတင်းထုတ်လွှင့်မှုနှင့် စစ်ကောင်စီထံ သတင်းပေးခြင်းမပြုရန်၊ ဆူရ်ခွါမြို့မှ ဟားခါးမြို့သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန်နှင့် စစ်ကောင်စီလက်အောက် တင်ဒါလုပ်ငန်းများမလုပ်ရန် စသည်တို့ဖြစ်ကြောင်း သိရသည်။

ကက်သလစ်ဘုန်းတော်ကြီးသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆူရ်ခွါမြို့မှ ခြေကုတ်ယူနိုင်ရန် ဆက်သွယ်ကူညီပံ့ပိုးခြင်း၊ ဘုန်းတော်ကြီးကိုယ်တိုင် Seng Thang ဆိုသည့် ကုမ္ပဏီတည်ထောင်ပြီး စစ်ကောင်စီ၏ တင်ဒါလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ CDF-Hakha ၏ နယ်မြေဖြစ်သည့် senthang နယ်မြေအတွင်း ဝင်ရောက်လာသော ခလရ-၃၀၅ က စစ်ကောင်စီတပ်သား ၅၇ ဦးကို ဇူလိုင်လ ၁ ရက်နေ့က ကြိုဆိုခြင်း၊ စစ်ကောင်စီကထောက်ပံ့သော ဆေးဝါးများယူကြရန် ရွာသားများအား သွေးဆောင်စည်းရုံးခြင်း၊ CDF ၏ မဟုတ်မမှန်သောသတင်းများကို သက်ဆိုင်ရာလူကြီးတွေထံ သတင်းပေးခြင်း စသည့်လုပ်ရပ်များ လုပ်ဆောင်ခဲ့သည့်အတွက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သြဂုတ်လ ၁ ရက်နေ့က ထုတ်ပြန်သည့် CDF-Hakha ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဆူရ်ခွါမြို့တွင် ပြီးခဲ့သည့် မေလ ၈ ရက်နေ့က ရဲစခန်းကို CDF-Hakha တပ်ဖွဲ့မှ ဝင်သိမ်းပြီး မီးရှို့ဖျက်စီးခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များရောက်ရှိလာပြီး မေလ ၃၁ နှင့် ဇွန်လ ၁ ရက်နေ့တို့က တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်။

အဆိုပါတိုက်ပွဲများကြောင့် ဆူရ်ခွါမြို့အပါအဝင် ဟားခါး-မတူပီအကြား ကားလမ်းဘေးရှိ ဆဲန်ထန်းနယ်မြေထဲက ကျေးရွာ ၁၀ ရွာကျော်ခန့်က ရာနှင့်ချီသော ဒေသခံပြည်သူများ တောထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...