ဘူးသီးတောင်နှင့် မောင်တောတွင် ရေကြီးမှုကြောင့် ရွာပေါင်း ၄၂ ရွာမှ လူပေါင်း ၆ ထောင်ကျော် ရေဘေးဒဏ်ခံခဲ့ရ

ဘူးသီးတောင်နှင့် မောင်တောတွင် ရေကြီးမှုကြောင့် ရွာပေါင်း ၄၂ ရွာမှ လူပေါင်း ၆ ထောင်ကျော် ရေဘေးဒဏ်ခံခဲ့ရ
ဓာတ်ပုံ - အနောက်တံခါးမှူး
ဓာတ်ပုံ - အနောက်တံခါးမှူး

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ် မြောက်ပိုင်းတွင် ဇူလိုင် ၂၆ ရက်နေ့မှစ၍ ၃ ရက်ဆက်တိုက် မိုးရွာသွန်းခဲ့မှုကြောင့် ရွာပေါင်း ၄၂ ရွာမှ လူပေါင်း ၆ ထောင်ကျော် ရေဘေးဒဏ်ခံခဲ့ရသည်ဟု သိရသည်။

အဆိုပါ ၃ ရက်အတွင်း မောင်တောမြို့နယ်တွင် မိုးရေချိန်လက်မ ၂၂.၉၆ လက်မနှင့် ဘူးသီးတောင်မြို့နယ်တွင် ၁၃.၇၉ လက်မအထိမိုးရွာသွန်းခဲ့သည့်အတွက် ယခုကဲ့သို့ ရေလွှမ်းမိုးမှုဒဏ်ကို ခံခဲ့ရခြင်းဖြစ်သည်။

မောင်တောခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ကြီးက "မောင်တောမြောက်ပိုင်းမှာ ၉ ရွာ၊ ဘူးသီးတောင်မြောက်ပိုင်းမှာ ၃၃ ရွာ ရေမြုပ်ခဲ့တယ်။ ဘေး/စီမံ က မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေအတွက် ဆန်တစ်ပတ်စာ ပေးခဲ့တယ်။ ဘူးသီးတောင်မှာတော့ ဌာနဆိုင်ရာအစုံပါတယ်။ သူ့အုပ်စုနဲ့သူဖွဲ့ထားတာ။ ဘယ်အုပ်စုကို ဘယ်အဖွဲ့ဆိုပြီးတော့။ မောင်တောမှာတော့ မြို့နယ်စီမံအုပ်ချုပ်ရေးကပေါ့။ အပျက်စီးတော့မရှိဘူး" ဟု နိရဥ္ဇရာသတင်းဌာနသို့ပြောသည်။

အဆိုပါ ရေဘေးသင့်ဒေသများမှာ မောင်တောမြို့နယ် မြောက်ပိုင်းတွင် ကျေးရွာ ၉ ရွာမှ အိမ်ထောင်စု ၄၁၉ စု၊ ကျား ၈၆၂ ယောက်၊ မ ၈၉၅ ယောက်၊ စုစုပေါင်းလူဦးရေ ၁၇၅၇ ယောက်နှင့် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းတွင် ကျေးရွာ ၃၃ ရွာမှ အိမ်ထောင်စု ၁၁၄၆ စု၊ ကျား ၂၈၉၀ ယောက်၊ မ ၃၄၂၆ ယောက်၊ စုစုပေါင်းလူဦးရေ ၆၃၁၆ ယောက် ရေဘေးဒဏ်ခံခဲ့ရကြောင်း သိရသည်။

ယင်းအပြင် ဘူးသီးတောင်မြို့နယ် ပြင်ခေါင်ချေကျေးရွာတွင် နွား ၈ ကောင်၊ ဆိတ် ၃ ကောင်၊ ဝက် ၁၀ ကောင်နှင့် ကြက် ၃ ကောင်သည်လည်း ရေဘေးအတွင်း သေဆုံးမှုဖြစ်ခဲ့ကြောင်း သိရသည်။

၎င်းရေဘေးသင့်ကျေးရွာများသို့ ဇူလိုင် ၂၈ ရက်နေ့က ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်မှ ဌာနဆိုင်ရာ အဖွဲ့အစည်းများကသွားရောက်၍ မာမီးခေါက်ဆွဲခြောက်များနှင့် ကြက်ဥများ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...