ရေတပ်တပ်ဖွဲ့ဝင်များ ဆလုံကျေးရွာအတွင်း နေအိမ်များကို စစ်ဆေးရှာဖွေ

ရေတပ်တပ်ဖွဲ့ဝင်များ ဆလုံကျေးရွာအတွင်း နေအိမ်များကို စစ်ဆေးရှာဖွေ

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်အတွင်းတွင် ရေတပ်သင်္ဘောမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆလုံကျေးရွာအတွင်းက လူများနှင့် နေအိမ်များကို လိုက်လံရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင် (၂၈) ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က စူငယ်ဘာလိုင်ကျေးရွာအုပ်စု၊ မကြုံဂလက်ကျေးရွာသို့ ရေတပ်သင်္ဘောတစ်စင်း ရောက်ရှိလာပြီး အဆိုပါသင်္ဘောပေါ်တွင်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းရှိ ပြည်သူများနှင့် နေအိမ်များအား လိုက်လံမွှေနှောက်ရှာဖွေ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းရှိ အမျိုးသမီးများကို သေနတ်ဖြင့်ထောက်ကာ ဖုန်းဖြင့် ဓါတ်ပုံများပြပြီး မေးမြန်းခြင်း၊ ရွာထဲရှိ နေအိမ်များနှင့် လူအများကိုလည်း စစ်ဆေးမေးမြန်း၍ လိုက်လံရှာဖွေမှုများ ပြုလုပ်ခဲ့ကြသည်ဟု ရွာသားများက ပြောသည်။

“စစ်သင်္ဘော ရွာကိုရောက်လာတော့ ရွာသားအများစုက ကြောက်လန့်တကြား ရှောင်ပုန်းနေကြရပြီး ရွာထဲမှာ ကလေးနဲ့ သက်ကြီးရွယ်အိုတချို့က အိမ်ထဲတွေမှာပဲ ကြောက်ကြောက်နဲ့ပုန်းရင်း ကျန်ခဲ့ရတယ်” ဟု အသက် ၆၀ ကျော်အရွယ် ဆလုံ (မော်ကင်း) ကျေးရွာသူ အမျိုးသမီးကြီးတစ်ဦးက ပြောသည်။

ဇူလိုင် ၂၃ ရက်နေ့၊ ည ၁၁ နာရီအချိန်ခန့်တွင် မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ချုပ်နှောင်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် မကြုံဂလက်ကျေးရွာရှိ  ရွာသားအချို့က ဆန္ဒပြတောင်းဆိုခဲ့ကြရာ ထိုကိစ္စနှင့်ပတ်သက်၍ လိုက်လံရှာဖွေနေသည့် အနေအထားမျိုးဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောသည်။

“သူတို့လာတာ ဆန္ဒပြပွဲလုပ်တာနဲ့ ပတ်သက်လို့ထင်တယ်။ သတင်းဌာနအချို့က ဖေါ်ပြခဲ့တဲ့ ဓါတ်ပုံတွေပြပီး ဘယ်သူဘယ်ဝါတွေလည်းဆိုပြီး လိုက်မေးနေတယ်ဗျ” ဟု ရွာသားတစ်ဦးက ပြောသည်။

ထိုသို့ စစ်ဆေးမေးမြန်းမှုများ လုပ်ခဲ့သော်လည်း ရွာသားများအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းမရှိကြောင်းနှင့် ဇူလိုင်လ ၂၈ ရက်နေ့ ညပိုင်းတွင် ထိုစစ်သင်္ဘောမှာ ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။

မကြုံကလက်ကျေးရွာတွင် နေထိုင်သူများသည် ဖေဖေါ်ဝါရီ (၁) ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် အစဉ်တစိုက် ပါဝင်လျက်ရှိကြသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ကျေးရွာတွင် အုပ်ချုပ်ရေးမှူးအသစ်ခန့်အပ်ရန် ဆောင်ရွက်ခဲ့သော်လည်း ရွာသားများက လက်ခံခြင်းမရှိပဲ ကိုယ်ထူကိုယ်ထ အုပ်ချုပ်ရေးအဖွဲ့ဖွဲ့ကာ စစ်ကောင်စီကို ဆက်လက်ဆန့်ကျင်ခဲ့ကြသည်။

 

အဆိုပါကျေးရွာသည် ကော့သောင်းမြို့နှင့် ရေမိုင် ၅၀ ခန့်အကွာ အနောက်ဘက်မြောက်ယွန်းယွန်းရှိ လန်ပိကျွန်း၊ အဏ္ဏဝါ အမျိုးသား ဥယျာဉ်အနီးတွင်ရှိပြီး ဆလုံ (မော်ကင်း) အများစုနှင့် အခြားဌာနေတိုင်းရင်းသားများ နေထိုင်ကြသည် ကျေးရွာဖြစ်သည်။

ကျေးရွာအတွင်း အိမ်ခြေ ၂၀၀ ခန့်နှင့် လူဦးရေ တစ်ထောင်ဝန်းကျင်ခန့်ရှိပြီး ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းကြသည့် ကျွန်းပေါ်ရှိ ကျေးရွာတရွာဖြစ်သည်။

 
 

 

 

CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...
May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...