ဝိုင်းမော် ခလရ ၅၈ တပ်ရင်း ပစ်ခတ်ခံရမှု စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိ

ဝိုင်းမော် ခလရ ၅၈ တပ်ရင်း ပစ်ခတ်ခံရမှု စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိ

ဝိုင်းမော်မြို့ မဒိန်ကျေးရွာအနီးရှိ အာဏာသိမ်းစစ်တပ် ခလရ ၅၈ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယမန်နေ့ည သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ သေဆုံးသူနှင့် ထိခိုက်သူများပြားကြောင်း သိရသည်။

ဇူလိုင်လ ၂၉ ရက်ည ၁၀ နာရီခွဲဝန်းကျင်ခန့် KIA တပ်မဟာ ၅ အောက် တပ်ရင်း ၃ အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီ တပ်ရင်း ၅၈ မှ ကင်းမှူး ၂ ဦးသေဆုံးပြီး၊ ထိခိုက်သူများပြားခဲ့သည်ဟု အမည်မဖော်လိုသူ ဝိုင်းမော်ဒေသခံတစ်ဦးက KNG ကို ပြောသည်။

“KIA က လာပစ်တဲ့အချိန်မှာ စခန်းရဲ့အဝင်ဂိတ်မှာ ကင်းပုန်းနေတဲ့ စစ်သား ၁၀ ယောက်လောက်ရှိနေတဲ့အထဲမှာ ၂ယောက်က အဲ့မှာ ပွဲချင်းပြီးသွားတယ်။ စခန်းအနောက်ဘက်မှာလည်း ကင်းပုန်းအဖွဲ့ရှိသေးတယ်။ အဲ့ဘက်ကတော့ ထိခိုက်ဒဏ်ရတဲ့သူတွေ များတယ်လို့သိရတယ်။ ခန့်မှန်းခြေပြောရရင် ၃၀ တော့မနည်းဘူး။ နောက်ပြီး ဒီမနက် လမ်းပေါ်ဖြတ်သွားတဲ့သူတွေပြောတာက ဂိတ်နားမှာ သွေးတွေတောင်မြင်နေရသေးတယ်တဲ့” ဟု ပြောဆိုသည်။

စခန်းတွင်း ထိခိုက်မှုများလာပြီးနောက် စစ်ကောင်စီ ၅၈ တပ်ရင်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ လဘန်ကျေးရွာရှိ KEP ကုမ္ပဏီဝင်းတွင် လက်နက်ကြီးကျမှန်ခဲ့ပြီး ပြည်သူ ၁ ဦးသေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“၅၈ တပ်ရင်းကနေ ပြည်သူတွေရှိတဲ့ဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တယ်။ KIA ရှိတယ်ထင်လို့လား။ ဒါမှမဟုတ် တမင်ပစ်ခတ်တာလားတော့မသိဘူး။ KEP ကုမ္ပဏီဝင်းမှာ လက်နက်ကြီးတစ်လုံး ကျမှန်သွားတယ်လို့ အဲ့ကုမ္ပဏီဝန်ထမ်းတစ်ဦးက အဲ့မှာဆုံးသွားတယ်။ ၁ ယောက်က ကျည်ထိမှန်ထားတာ တော်တော်ဆိုးတယ်လို့သိရတယ်” ဟု မဒိန့် ဒေသခံတစ်ဦးက KNG ကို ပြောဆိုသည်။

လက်နက်ကြီးကြောင့် သေဆုံးသွားသူမှာ ဝိုင်းမော်မြို့ ရပ်ကွက် (၃) တွင်နေထိုင်သည့် အသက် ၃၆ နှစ်အရွယ် ကိုအောင်လီဆိုသူဖြစ်ကြောင်း သိရသည်။

ဝိုင်းမော်မြို့ ၅၈ တပ်ရင်းကို KIA က သွားရောက်ပစ်ခတ်မှုမှာ မှန်ကန်ကြောင်း KIO ဗဟိုချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးဦးနော်ဘူက KNG သတင်းဌာနကို ယခုလို အတည်ပြုပြောဆိုခဲ့သည်။

“တစ်ခါတည်း ရှောင်တခင်ပုံစံနဲ့ ဝင်ပစ်တယ်လို့သိရတယ်။ KIA ဘက်ကတော့ ဘာမှမဖြစ်ဘူးလို့ပြောတယ်။ စစ်ကောင်စီဘက်က ဘယ်လောက်ကျတယ်ဆိုတာက ဆက်လက်စုံစမ်းနေတယ်။ ကျန်တာက အသေးစိတ်မသိရပါဘူး။ အားလုံးသိတဲ့အတိုင်း စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်လို့ ကုမ္ပဏီဝင်းတစ်ခုက ပြည်သူတစ်ယောက်က ဆုံးသွားတယ်။ တစ်ဦးက ထိခိုက်ဒဏ်ရာရသွားတယ်။ ဒီလောက်ဘဲ သိရသေးတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

ဝိုင်းမော်တွင် ည ၁၀ နာရီဝန်းကျင်ခန့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် မိုးကောင်းမြို့အခြေစိုက် စကခနှင့် နမ္မတီးမြို့အထွက် မရန်ကထောင်ကျေးရွာရှိ စစ်တပ်ဂိတ်ကိုလည်း KIA က တစ်ဆက်တည်းတိုက်ခိုက်ခဲ့ကြောင်း ထပ်မံသိရသည်။

သို့သော် အသေးစိတ်အခြေအနေကို မသိရသေးပါ။

ဝိုင်းမော်စစ်တပ်ရင်း ပစ်ခတ်ခံရပြီးနောက် ည ၁ နာရီခန့်တွင် KIO ဌာနချုပ် လိုင်ဇာမြို့ဘက်သို့ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သည်ဟု လိုင်ဇာဒေသခံများပြောသည်။

 
 

 

 

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...