ခေါင်လန်ဖူးမြိုနယ် တရုတ်နယ်စပ်ကျေးရွာဖြစ်သော လန်းဒဂျောင်ဒေသတွင် ယခင်ကမဖြစ်ဖူးသော ကိုယ်ပူ၊ လေချောင်းနာ၊ ဖျားနာ စသော ကိုဗစ်လက္ခာများဖြင့် ယခုလအတွင်း သေဆုံးသူ ၄ ဦးရှိလာသဖြင့် ဒေသခံများက စိုးရိမ်နေကြောင်း သိရသည်။
ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နှင့် မိုင် ၄၀ ကျော်ဝေးသော တရုတ်နယ်စပ် လန်းဒဂျောင်ဒေသတွင် လက်ရှိဖြစ်ပွားနေသည့် အခြေအနေနှင့်ပတ်သက်ပြီး ထိုဒေသနှင့် ပုံမှန် အဆက်အသွယ်ရှိနေသူတစ်ဦးက KNG ကို ယခုလိုပြောပြသည်။
“ခုဖြစ်တာက ခေါင်လန်ဖူးကနေ အရမ်းဝေးတယ်။ ခြေကျင်နဲ့ ၂ ညအိပ် ၃ ရက်ခရီးသွားမှရောက်တယ်။ အရင်နှစ်တွေမှာ ဒီလိုမဖြစ်ဘူး။ ဒီနှစ်က ပုံမှန်ထက် သေဆုံးမှုများလာတယ်။ ခေါင်လန်ဖူးဆိုတာ နာမည်သာ မြို့လို့ခေါ်ပေမယ့် ဘာမှမရှိဘူး။ နောင်မွန်နှင့်ရော အလှမ်းဝေး၊ ပူတာအိုနှင့်ရော ဝေးတော့ ဆေးဝါးလည်းမရှိဘူး။ ဆေးကုသပေးမဲ့ ဆရာမတွေလည်းမရှိဘူး။ ကိုဗစ်စစ်ဆေးကိရိယာလည်း ဘာတစ်ခုမှမရှိတော့ လေချောင်းနာတာနဲ့ သေဆိုတော့ ဒေသခံတွေက အရင်နှစ်တွေနှင့်မတူတော့လို့ ကိုဗစ်များရောက်နေပြီလားဆိုပြီး သံသယစိတ်ဖြစ်ပြီး စိုးရိမ်နေကြတယ်” ဟု ၎င်းဒေသနှင့် ချိတ်ဆက်ရသူ ခေါင်လန်ဖူးဒေသခံတစ်ဦးက ပြောသည်။
ခေါင်လန်ဖူးဒေသသို့ ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းအထိ ပူတာအို၊ နောင်မွန်မြို့နယ်ဘက်မှ အဝင်အထွက်ရှိခဲ့သော်လည်း နောင်မွန်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ရှိလာသည့်အချိန်ကစပြီး မဂွေဇဂိတ်တွင် အဝင်/အထွက်ပိတ်ထားလိုက်ကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ခေါင်လန်ဖူးဒေသတွင် ကျန်းမာရေးအတွက် ကုသမှုများ၊ ဆေးစစ်ဆေးမှုများ မရှိတော့ကြောင်း သူက ဆက်လက်ပြောဆိုခဲ့သည်။
“လက်ရှိအခက်အခဲက ဆေးဝါး ဆေးကုသပေးမဲ့ ဆရာ၊ ဆရာမတွေမရှိတာနှင့် စားနပ်ရိက္ခာ ရှားပါးလာတယ်။ တရုတ်ပြည် လမ်းပိတ်ထားတာကြာတော့ ဆန်၊ ဆီ၊ ဆားတွေ ပျက်နေတယ်။ ဆန်၊ ဆီ၊ ဆား တွေကို ပူတာအိုဘက် ကားလမ်းပေါက်တဲ့ ထာလားလော်အထိ ခြေကျင်လျှောက်သွား ထမ်းယူပြီး ဝယ်ရတယ်။ နယ်စပ်ဘက်နေတဲ့သူတွေက ခြေကျင်နဲ့ အသွား/အပြန် ၁ ပတ် ၂ ပတ်ခန့် သွားထမ်းဝယ်ရတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်၊ ကိုဗစ်ဖြစ်ပြီးနောက် အဲ့ခေါင်လန်ဖူး နယ်စပ်ဘက်ကပြည်သူတွေ အဖက်ဖက်က တော်တော်ဒုက္ခရောက်နေကြရတယ်” ဟု ၎င်းဒေသနှင့် ချိတ်ဆက်ရသူတစ်ဦးက KNG ကိုပြောသည်။
လက်ရှိ လူသေဆုံးမှုဖြစ်နေသော လန်းဒဂျောင်ဒေသတွင် ဆက်သွယ်ရေးလိုင်းများ မရရှိတာကြောင့် ဖုန်းဆက်လိုလျှင် တစ်ရက်အချိန်ပေးကာ တောင်ပေါ်သို့တက်ပြီး ချိတ်ဆက်ရကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ခေါင်လန်းဖူးမြို့နယ်ရှိ နေရာဒေသအများအပြားတွင် ကိုဗစ်-၁၉ ရောဂါ ဆိုးဝါးလာကာ ယခင်နှစ်များထက် ဆေးဝါးနှင့်အစားအသောက်များ ပိုမိုဆိုးရွားစွာခက်ခဲလာကြောင်း သိရသည်။







