သံတွဲမြို့ အဝေးပြေးကားဝင်းနှင့် အနိမ့်ပိုင်းရပ်ကွက်များတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေတက်ပြီး ရေကြီးမှုဖြစ်ပေါ်နေ

သံတွဲမြို့ အဝေးပြေးကားဝင်းနှင့် အနိမ့်ပိုင်းရပ်ကွက်များတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေတက်ပြီး ရေကြီးမှုဖြစ်ပေါ်နေ

ရခိုင်ပြည်နယ်၊ သံတွဲမြို့ အဝေးပြေးကွင်းနှင့် အနိမ့်ပိုင်းရပ်ကွက်အချို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ချောင်းရေများဝင်ရောက်မှုကြောင့် ယနေ့မွန်းလွဲပိုင်းမှစတင်ကာ ရေကြီးမှုအန္တရာယ်ကို ကြုံနေရကြောင်း သတင်းရရှိသည်။

ဒီကနေ့ ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းမှစတင်၍ မိုးအဆက်မပြတ်ရွာသွန်းမှု၊ ပင်လယ်ရေအတက်နှင့် တောင်ကျရေအဆင်း ဆုံသွားမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည်ဟု သံတွဲမြို့နယ်၊ မထသဥက္ကဋ္ဌ ဦးထွန်းသန့်ကျော်က နိရဥ္စရာသတင်းဌာနသို့ အတည်ပြုပြောကြားခဲ့သည်။

“သံတွဲမြို့ထဲမှာဆိုရင် အဝေးပြေးကားကွင်းက ကုန်းမြင့်တဲ့အထဲမှာ ပါတယ်ပေါ့နော်။ အဝေးပြေးကားကွင်းထိတောင် ရေကဝင်နေတယ်ဆိုတော့ ဒီထက်နိမ့်တဲ့အနိမ့်ပိုင်း ရပ်ကွက်တွေမှာဆိုရင် ပိုပြီးရေဝင်နေတယ်။ ဒီမှာတော့ ကားတွေကို တံတားပေါ်တင်ထားရတယ်။ ပင်လယ်ရေကအတက်နဲ့ တောင်ကျရေအဆင်း ဆုံသွားတဲ့အတွက် ရေက ယခင်နှစ်တွေထက် ပိုပြီးကြီးလာတာပေါ့နော်" ဟု သူကပြောသည်။

သံတွဲမြို့နယ်က ရွာငယ်များအပါအဝင် တစ်မြို့လုံးနီးပါး ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်နေပြီး လက်ရှိအချိန်တွင် လမ်းအချို့၌ လှေငယ်များဖြင့်ပင် သွားလာနေရကြောင်း၊ အံတော်ချောင်း ရေတက်လာသဖြင့် ရေကြီးလာရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးပြောသည်။

“အနိမ့်ပိုင်းရပ်ကွက်တွေအပါအဝင် တစ်မြို့လုံးနီးပါးထိ ရေကြီးလာနေပြီ။ အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ နခြံကျေးရွာ၊ သမုတ်ချောင်း၊ ဂူကြီးခုံ တို့ဘက်မှာဆို ပိုပြီးအခြေအနေက ဆိုးဝါးလာနေတယ်။ အဲဒီနေရာတွေမှာရင် လှေငယ်တွေနဲ့တောင် သွားနေရတဲ့အဆင့်ဖြစ်နေတယ်။ ရတနာလမ်း၊ မာကလမ်း၊ အမှတ် (၁) ကျောင်းရှေ့က လမ်းတွေမှာလည်း အောက်ပိုင်းတွေ အကုန်ရေတက်နေပြီ။ စျေးတွေလည်း အကုန် ပစ္စည်းတွေရွေ့ထားရတယ်။ အံတော်ချောင်းရေတက်လာတာနဲ့ မိုးကလည်းအဆက်မပြတ် ရွာသွန်းနေတာကြောင့် အခုလိုမျိုးရေကြီးလာရတာပါ” ဟု ၎င်းဒေသခံကပြောသည်။

သံတွဲမြို့တွင် နှစ်စဉ်မိုးရာသီမှာ ရေကြီးမှုများ ဖြစ်လေ့ဖြစ်ထရှိသော်လည်း ယခုနှစ်တွင် ချောင်းရေအတက်နှင့် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယခင်နှစ်များထက် ရေကြီးဒဏ်ကို ပိုခံစားနေရသည်ဟု ဆိုသည်။

 
 

 

 

Most read this week

August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...