စစ်အာဏာသိမ်းပြီး ပိတ်ထားသော တာမခန်ဆေးရုံကို ဒေသခံများကြပ်မတ်ကာ အခမဲ့ဆေးရုံအဖြစ် ပြန်ဖွင့်

စစ်အာဏာသိမ်းပြီး ပိတ်ထားသော တာမခန်ဆေးရုံကို ဒေသခံများကြပ်မတ်ကာ အခမဲ့ဆေးရုံအဖြစ် ပြန်ဖွင့်

စစ်အာဏာသိမ်းမှုကြောင့် ၆ လကျော်ကြာပိတ်ထားသော ဖားကန့်မြို့ တာမခန်ကျေးရွာဆေးရုံကို Covid-19 ကာကွယ်တားဆီးရေးအတွက် ဒေသခံပြည်သူများဦးစီးမှုဖြင့် ကိုယ်ထူကိုယ်ထ အခမဲ့ဆေးခန်းအဖြစ် ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ဒေသခံများကိုယ်တိုင် ကြပ်မတ်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ကိုဗစ်လူနာများကို ကုသနိုင်ရေး ဆောင်ရွက်နေသည်မှာ ၄ ရက်ရှိပြီဟု တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

"ဒီအချိန်မှာက ဆေးရုံဆေးခန်းတို့သွားဖို့ အရမ်းခက်ခဲတယ်။ ဖားကန့်ဆေးရုံးကြီးလည်း မနိုင်တော့ဘူး။ သွားရင်လည်း လက်မခံတော့ဘူး။ ပြီးရင် ကုသဖို့ ပို့လိုက်တဲ့သူတွေလည်း ဆုံးသွားတာများတယ်။ ပြည်သူတွေအားလုံးက ပြည်သူပိုင်ဆေးရုံဖွင့်ဖို့ သဘောတူလိုက်ကြတယ်။ အားလုံးဝိုင်းဝန်းကူညီပြီး လုပ်ထားတဲ့သဘောပါ" ဟု ပြောဆိုသည်။

ကိုဗစ်ရောဂါ ကူးစက်ခံထားရသူများနှင့် ကျေးရွာအတွင်း နာမကျန်းဖြစ်သူများ မည်သူမဆိုကို အခမဲ့ကုသွားရန် စီစဥ်ထားသည်ဟု သူကဆက်ဆိုသည်။

"အခုက ရပ်ကွက်အတွင်း ကိုဗစ်ကူးစက်ခံရတဲ့သူတွေက တစ်ရက်ထက်တစ်ရက် ပိုပိုများလာတယ်လို့ ပြောလို့ရတယ်ပေါ့။ ပြည်သူတွေပိုက်ဆံမရှိရင်လည်း မပူရတော့ဘူး။ အားလုံးအခမဲ့ကုသခွင့်ရအောင် ဆောင်ရွက်နေတယ်။ အဓိကတော့ ကိုယ့်လူကို ရအောင်ကယ်တဲ့သဘောပါ" ဟု ပြောဆိုသည်။

ဆေးရုံတွင် ကုသဆရာဝန် ၂ ဦးနှင့် သူနာပြုဆရာမ ၅ ဦးခန့် ဌားရမ်းထားပြီး လက်ရှိတွင် ဆရာဝန် ၁ ဦးနှင့် သူနာပြု ၄ ဦးက ကုသပေးနေကြောင်း သိရသည်။

ဒေသခံပြည်သူများအနေနှင့် ကိုယ်ထူကိုယ်ထ ဆေးရုံဖွင့်နိုင်ဖို့ရန်အတွက် အလှူကောက်ခံခဲ့ရာ ရရှိလာသော သိန်း ၈၀၀ ခန့်ဖြင့် စတင်လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

ကိုယ်ထူကိုယ်ထဆေးရုံကို ယခင် တာမခန်ကျေးရွာအတွင်းရှိ ဆေးရုံနေရာတွင်သာ ကုသပေးနေကြောင်း သိရသည်။

တာမခန်ဆေးရုံသည် စစ်ကောင်စီအာဏာသိမ်းပြီးနောက် ကျန်းမာရေးဝန်ထမ်းများ CDM ပြုလုပ်သွားသဖြင့် သော့ခတ်ပိတ်ထားခဲ့ရသော ဆေးရုံဖြစ်သည်။

လက်ရှိတာမခန်ကျေးရွာတွင် ကိုဗစ်ကူးစက်ခံရသည့် အတည်ပြုလူနာ ၇၀ ကျော်အထိရှိနေပြီး သေဆုံးသူ ၃ ဦးရှိကြောင်း သိရသည်။

 
 

 

 

May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...