အင်းစိန်ထောင်တွင်းမှ နိုင်ငံရေးအကျဉ်းသားများ၏ ဆန္ဒပြပွဲကို ဝိုင်းရံထောက်ခံသည့်အနေဖြင့် ရန်ကုန်မြို့တွင် ဇူလိုင်လ ၂၃၊ ၂၄ ရက် နှစ်ရက်ဆက်တိုက် သံပုံးတီးသံများ ပြန်လည်ထွက်ပေါ်လာသည်။
၂၃ ရက်နေ့၊ နံနက်က အင်းစိန်ထောင်အတွင်း နိုင်ငံအကျဉ်းသားများ ဆန္ဒပြသည့်သတင်းကြောင့် လှည်းတန်းဘက်နှင့် စမ်းချောင်းဘက်က နေ့ခင်းပိုင်းကတည်းက သံပုံးများစတီးကြပြီး ညဘက်တွင် မြို့နယ်အတော်များများတွင် သံပုံးများ ထပ်မံတီးကြကြောင်း မရမ်းကုန်းမြို့နယ် ဘုရင်နောင်လမ်းဆုံးအနီးတွင်နေထိုင်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“တီးတာ အရင်လောက်များသေးမယ်။ အသံတွေတော့ တအားကျယ်သတိထားမိတယ်“ ဟု ၎င်းကပြောသည်။
စစ်အာဏာသိမ်းပြီး ၅ လ ကျော်ခန့်ရှိလာချိန်တွင် ညဘက်သံပုံးတီးသည့် အရှိန်အတော်ကျသွားခဲ့ရာ ယခုလ ၂၃ ရက်နေ့ညက တိုက်ခန်း ဆယ်ခန်းရှိလျှင် ၆ ခန်းလောက်က ပြန်လည်တီးလာသည်ကို သတိထားမိသည်ဟု အဆိုပါအမျိုးသားက ဆက်လက်ရှင်းပြသည်။
နေခင်းပိုင်းကနေ ညအချိန်ထိ သံပုံးတီးကြ နိုးဆော်မှုအချို့လည်း လူမှုမီဒီယာပေါ်တွင်ဖတ်ရပြီး ညဖက်သံပုံးတီးဖို့ ပြင်ဆင်ထားခဲ့ကြောင်း ၁၅ မိနစ် ပြည့်သည်အထိတီးရန် ပြင်ဆင်ထားသော်လည်း စစ်ကောင်စီတပ်သားများ ဝင်လာသဖြင့် ၁၂ မိနစ်ခန့်ဖြင့် ရပ်လိုက်ရကြောင်း ကြည်မြင်တိုင် အိုးဘိုရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောသည်။
“သူတို့က သူတောင်းစားတွေ၊ နေ့ဘက်မတောင်းဘဲ ဘာလို့ ညဖက်မှ တောင်းလဲဆိုပြီး ဆဲဆိုပြီးဝင်လာနဲ့ ကမန်းကတန်း အတီးရပ်လိုက်တာ“ ဟု အိုးဘိုရပ်ကွက် အမျိုးသမီးက သူမ၏အတွေ့အကြုံကို ပြောသည်။
အလားတူ သံပုံးတီးနေသည့် အချို့မြို့နယ်လမ်းများအတွင်း စစ်ကောင်စီတပ်များဝင်လာပြီး သေနတ်ပစ်ဖောက်ခြင်းများနှင့် အော်ဟစ်ဆဲဆိုခြင်းများရှိသည်ဟု ရန်ကုန်မြို့နယ် ပြည်သူအချို့က ပြောသည်။
ရန်ကုန်မြို့ရှိ ကမာရွတ်၊ မရမ်းကုန်း၊ လှိုင်၊ ကြည်မြင်တိုင်၊ အလုံ၊ လမ်းမတော်၊ လသာ၊ သာကေတ၊ ဒေါပုံ၊ ကျောက်မြောင်း၊ တာမွေ၊ စမ်းချောင်းနှင့် မြို့နယ်တော်တော်များတို့တွင် သံပုံးတီးကြကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီး နောက်တစ်ရက်ဖြစ်သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့ကစတင်၍ ည ၈ နာရီအချိန်တွင် သံပုံးများ စတီးခဲ့ကြသည်။
ထိုသို့တီးလာကြသည်မှာ ငါးလကျော်ကြာမြင့်လာသည့်နောက် စစ်ကောင်စီတပ်များက အိမ်ပေါ်အထိတက်ကာ လိုက်လံဖမ်းဆီးမှုများ ပြုလုပ်သည့်နောက် သံပုံးတီးသူ နည်းလာခဲ့ပြီး နောက်ပိုင်းတွင် သံပုံးတီးသံ မကြားရတော့ခြင်းဖြစ်သည်။
အထူးသဖြင့် ဧပြီလ ၂၄ ရက်က သမိုင်းမြို့သစ် ၄ လမ်းမှ သံပုံးတီးသည့် အမျိုးသမီးများကို အိမ်ပေါ်တက်ဖမ်းဆီးပြီး လမ်းဘေးတွင် ကခိုင်းသည့်သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် သံပုံးတီးသံများ တစ်စတစ်စတိတ်သွားခဲ့ရာမှ ယခု ဇူလိုင်လ ၂၃၊ ၂၄ နှစ်ရက်ဆက်တိုက် သံပုံးတီးသံများ ပြန်ကြားရခြင်းဖြစ်သည်။







