မွန်ပြည်နယ်တွင် COVID-19 လူနာ ၃၂ ဦး တစ်ရက်အတွင်း သေဆုံး

မွန်ပြည်နယ်တွင် COVID-19 လူနာ ၃၂ ဦး တစ်ရက်အတွင်း သေဆုံး

မွန်ပြည်နယ်တွင် ဇူလိုင်လ ၂၀ ရက်နေ့ တစ်ရက်တည်း ကိုဗစ်-၁၉ လူနာ ၃၂ ဦး သေဆုံးသွားသည် ဟု ကိုဗစ်အရေး ကူညီဆောင်ရွက်ပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့များ ထံမှ သိရသည်။

သေဆုံး ၃၂ ဦးတွင် မော်လမြိုင်ဆေးရုံကြီး (သီးခြားဆောင်) Isolative Ward-3, Isolative Ward-1 တွင် တက်ရောက်ဆေးကုသ ခံယူနေကြသည့် အတည်ပြုလူနာ ၂၇ ဦးနှင့် ရပ်ကွက်များအတွင်း သေဆုံးသည့် သံသယလူနာ ၅ ဦးတို့ဖြစ်သည်ဟု သိရသည်။

မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းခန့်မှစပြီး ကိုဗစ်ကူးစက်မှု ဆက်တိုက်မြင့်တက်လာခဲ့ပြီးနောက် အတည်ပြုလူနာ သေဆုံးမှုများလည်း ဆက်တိုက်မြင့်တက်လာခဲ့သည်ဟု ကိုဗစ်အရေး ကူညီဆောင်ရွက်ပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

“ပိုးတွေ့လူနာတွေ နေ့တိုင်းတိုးလာနေသလို အတည်ပြုလူနာသေဆုံးမှုကလည်း နေ့တိုင်းတိုးလာနေတယ်၊ အဲ့ဒါအပြင် ရပ်ကွက်တွေထဲမှာ ကိုဗစ်သံသယနဲ့ သေတဲ့လူတွေလည်း နေ့တိုင်းရှိတယ်” ဟု ကိုဗစ်နှင့်ပတ်သက်၍ ကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇူလိုင်လ ၁၉ ရက်နေ့ကလည်း မော်လမြိုင်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၀ ကျော်သေဆုံးခဲ့သည်ဟု ဒေသအတွင်းက ပရဟိတအသင်းတာဝန်ရှိသူများက ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ် ၁၀ မြို့နယ်လုံးတွင် ကိုဗစ်ကူးစက်မှုများရှိနေပြီး ရောဂါကူးစက်မှု အများဆုံးမြို့နယ်များမှာ မော်လမြိုင်နှင့် သံဖြူဇရပ်မြို့နယ်တို့ ဖြစ်ကြသည်။

ကိုဗစ်အတည်ပြုလူနာများကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီး Isolative Ward-3, Isolative Ward-1 နှင့် မော်လမြိုင်တက္ကသိုလ် (၁၀) မြို့နယ်ဆောင်တို့အပြင် မြို့နယ်အသီးသီးတို့တွင်လည်း ဆေးကုသပေးနေသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဇူလိုင်လ ၂၀ ရက်နေ့အထိ စာရင်းများအရ မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၀၀၀ ကျော်ရှိပြီး သေဆုံးလူနာ ၂၀၀ ကျော်ရှိသွားပြီဖြစ်သည်။

August 8, 2026
စစ်အုပ်စုကို ပြန်လည် ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံက အာဆီယံကို တိုက်တွန်းပြောဆိုထားသော်လည်း လက်ရှိ...
August 8, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုနှင့်ပတ်သက်၍...
August 7, 2026
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုတို့ကြောင့် ရခိုင်ပြည်၊ မြေပုံမြို့နယ်...
ဓာတ်ပုံ - NMG (ပုံဟောင်း)
August 7, 2026
ကချင်ပြည်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်က အင်အားဖြည့်တင်းမှုများ...