သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် ညကြီးအချိန်မတော် အမျိုးသမီးများကို စစ်ကောင်စီများက လိုက်လံဖမ်းဆီးကြောင်း စုံစမ်းသိရှိရသည်။
ဇူလိုင်လ ၁၆ ရက်နေ့ ည ၁၁ နာရီအချိန်ဝန်းကျင်မှ ယမန်နေ့ ဇူလိုင်လ ၁၇ ရက်နေ့ မနက် ၄ နာရီအထိ တောင်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်သားများက တောင်ကြီးမြို့ ရပ်ကွက်များထိ ဝင်ရောက်စီးနင်းကာ အမျိုးသမီး ၄ ဦး အမျိုးသား ၂ ဦးတို့ကို အကြမ်းဖက်ဖမ်းဆီးသွားကြောင်း သိရသည်။
“ည ၁၁ နာရီခန့်မှာ ရတနာသီရိရပ်ကွက်ဖက်က အ.ထ.က ၉ သုံးလမ်းဆုံနားမှာ စစ်သားနဲ့ရဲတွေက အိမ်စီးကားတွေ ၁၀ စီးနဲ့ ရပ်စောင့်နေကြတာ၊ အရပ်ဝတ်ထားတဲ့ စစ်သားနဲ့ ရဲတွေကလည်းများတယ်၊ ရပ်ကွက်ထဲ လမ်းကြိုလမ်းကြားကို ဓါတ်မီးနဲ့ထိုးကြည့်ပြီး ရပ်ကွက်ထဲဝင်တာ သူတို့အင်အားက ၃၀ နီးပါးလောက်ရှိတယ်၊ လင်မယားနှစ်ဦးကို ဖမ်းခေါ်သွားတယ်” ဟု တောင်ကြီးမြို့နေ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ထို့နောက် မိနစ် ၄၀ ခန့်ကြာချိန်တွင် အင်အား ၂၀ ကျော်ခန့်ရှိ စစ်ကောင်စီတပ်သားတို့က ချမ်းမြသာစည်ရပ်ကွက် နယ်မြေ ၅ မှ နေအိမ်တစ်အိမ်ကို ဝင်ရောက်စီးနင်းကာ လင်မယားနှစ်ဦး ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း ၎င်းက ပြောသည်။
“သူတို့ စဝင်လာတုန်းက နေအိမ်ကို ချက်ချင်းမသိလို့ထင်တယ်၊ အော်ဟစ်ဆဲဆိုပြီး ရပ်ကွက်ဒလန်သတင်းပေးမှုကြောင့်ပဲ သူတို့က အိမ်ကိုသိသွားပြီး စကားများသံကြားမိတယ်၊ ပြီးတော့ ဖုန်းတောင်းတာ မပေးလို့ဆိုပြီး လင်မယားနှစ်ယောက်စလုံးကို ဖမ်းခေါ်သွားတာပဲ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
ယမန်နေ့တွင် စစ်ကောင်စီမှ အမျိုးသမီးများကို ဦးတည်ပြီးဖမ်းဆီးနေကြာင်း၊ ထိုဖမ်းဆီးခေါ်ဆောင်သွားသည့်ထဲတွင် ကလေး ၁ နှစ်သားအရွယ်သာရှိသေးသည့် မိခင်တစ်ဦးလည်းပါဝင်ကြောင်း တောင်ကြီးဒေသခံ ကိုအောင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။
“မနေ့ညက တောင်ကြီးမှာ အမျိုးသမီးတွေကိုချည်း လိုက်ဖမ်းနေတာ၊ ဒီနေ့မနက် ၂ နာရီခန့်မှာလည်း ကလေးမိခင်တစ်ဦးကိုလည်း လာဖမ်းသွားတယ်၊ သူ့ကလေးက ၁ နှစ်လောက်ပဲရှိအုံးမယ်၊ မနက် ၄ နာရီမှာကျတော့ အသက် ၂၁ ဝန်းကျင် မိန်းကလေးတစ်ဦးကိုလည်း ဝင်ဖမ်းတာ၊ စစ်ကောင်စီတွေက လူစိတ်ပျောက်နေကြပြီ” ဟု ကိုအောင်ကဆိုသည်။
ဇူလိုင်လအတွင်းတွင် တောင်ကြီးမြို့နယ်အတွင်းမှ လူငယ်များ ၃၀ နီးပါး ဖမ်းဆီးခံရပြီး၊ စစ်ကောင်စီ လက်ထက် (၅) လသာကာလအတွင်း တောင်ကြီးမြို့နယ်အတွင်းရှိ အရပ်သား (၂၀၀) ကျော် ဖမ်းဆီးခံရကြောင်း သိရသည်။







