မိုင်းငေါ့စစ်ရှောင်များ ကိုဗစ်ကာကွယ်ရေးပစ္စည်းများ လိုအပ်

မိုင်းငေါ့စစ်ရှောင်များ ကိုဗစ်ကာကွယ်ရေးပစ္စည်းများ လိုအပ်

သျှမ်းမြောက် ကျောက်မဲခရိုင် မိုင်းငေါ့မြို့တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်များ ကိုဗစ်ကာကွယ်နိုင်ရန်အတွက် ကာကွယ်ရေးသုံးပစ္စည်းများ အခက်ခဲဖြစ်နေကြောင်း သိရသည်။

ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများ ဈေးနှုန်းမြင့်တက်ခြင်း၊ အလှူငွေနည်းပါးခြင်းတွေကြောင့် စစ်ဘေးရှောင်များအား လုံလောက်စွာထောက်ပံ့ပေးနိုင်ခြင်းမရှိသေးသည့်အတွက် စိတ်ပူနေရကြောင်း စစ်ဘေးရှောင်များကို သွားရောက်ကူညီနေသူတစ်ဦးက ယခုလိုပြောသည်။

“မိုင်းငေါ့မှာရောက်နေတဲ့ စစ်ဘေးရှောင်တွေအတွက် ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေက နည်းနေတယ်၊ Mask ၊ Hand Gel အပါအဝင် ကိုဗစ်ကာကွယ်တဲ့ ပစ္စည်းတွေက ဈေးတက်နေတော့ မဝယ်ပေးနိုင်ဘူး။ နောက်ပြီး အလှူငွေကလည်း နည်းနေတယ်လေ။ ခုက ကိုဗစ်လူနာတွေ အရမ်းများလာတော့ စစ်ဘေးရှောင်တွေအတွက် အရမ်းကိုစိုးရိမ်တယ်” ဟု စစ်ဘေးရှောင်များကို သွားရောက်ကူညီသည့် ကျောက်မဲမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ကျောက်မဲရှိ လူမှုရေးပရဟိတအသင်း၊ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းနှင့် ဒေသခံလူငယ်များ၊ ဆရာဝန်နှင့်ကျန်းမာရေးဝန်ထမ်း တစ်ချို့ ပူးပေါင်းပြီး မိုင်းငေါ့မြို့ရှိစစ်ဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု များ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

“စစ်ဘေးရှောင်ထဲက ကျန်းမာရေးမကောင်းတဲ့ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေ အားလုံး (၃) ယောက်၊ (၄) ယောက်လောက်ရှိမယ်၊ သူတို့ကို ကျောက်မဲမြို့မှာရှိတဲ့ စစ်တပ်ဆေးကုရာနေရာမှာ ပို့ပေးထားပြီးပြီ၊ အရင်ဆုံး ပြည်သူ့ဆေးရုံကိုပို့တာ၊ အဲ့ကနေမှတစ်ဆင့် တပ်ထဲက ဆေးကုတဲ့နေရာကို ပြန်ပြီးပို့လိုက်တာ၊ ခု ကျန်းမာရေးကောင်းနေပြီလို့ သိရတယ်” ဟု ၎င်းက ဆက်ပြောသည်။

ယခင်က စစ်ဘေးရှောင်ပြည်သူများကို ကျောက်မဲမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများအထိ လာရောက်ထားရှိပေမယ့် ကိုဗစ်ကူးစက်သည့် လူနာ များပြားနေခြင်းကြောင့် စစ်ဘေးရှောင်များအား လက်မခံတာဖြစ်ကြောင်း သိရသည်။

မိုင်းငေါ့မြို့တွင် စစ်ဘေးရှောင် ၁၀၀၀ ကျော်ရှိပြီး နယ်မြေအနေအထား လုံခြုံမှုမရှိသည့်အတွက် နေရပ်ကို မပြန်နိုင်ကြသေးပါ။

တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် တော့ဆန်ဒေသအပါအဝင် ကျေးရွာတချို့တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ဝင်ထွက်သွားလာနေသောကြောင့် ဒေသခံများအတွက် လုံခြုံမှုမရှိသေးတာဖြစ်သည်။

“ခုရက်ပိုင်း တိုက်ပွဲဖြစ်တာတွေ သိပ်မကြားရတော့ဘူး၊ ဒါပေမယ့် သေနတ်သံတွေတော့ မကြာမကြာ ကြားနေရသေးတယ်။ တစ်ချို့ ဒေသခံတွေက သူတို့ရွာ အခြေနေကို သွားကြည့်တယ်။ ညတော့ မအိပ်ရဲဘူး။ ချက်ချင်းပြန်ဆင်းလာတာ။ ရွာထဲမှာလည်း တိတ်ဆိတ်နေတာပဲ” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ပရဟိတအသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းငေါ့တွင် ကိုဗစ်အတည်ပြုလူနာ (၂) ဦး တွေ့ရှိထားပြီး ၎င်းနှင့် အနီးဆုံးဖြစ်သည့် ကျောက်မဲမြို့တွင် ကိုဗစ်လူနာ (၂၅၀) ကျော်ရှိကာ သေဆုံးသူ (၆) ဦးရှိကြောင်း သိရသည်။

 
 

 

 

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...