COVID-19 ကပ်ရောဂါကြောင့် တိုင်းဒေသကြီးများကဲ့သို့ ပြည်နယ်များတွင်လည်း သေဆုံးမှုများ မြှင့်တက်နေပြီး ကုသရေးနှင့် ကာကွယ်ရေးအပိုင်းကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် လုပ်ဆောင်နေရသည့်အတွက် အဖက်ဖက်မှအကူအညီများ လိုအပ်နေသည်ဟု လူမှုကူညီရေးအသင်းများနှင့် ပြည်သူများက ပြောသည်။
COVID-19 ရောဂါကူးစက်မှုနှုန်း မြင့်တက်နေသည့် ကချင်ပြည်နယ် ဖားကန့်မြို့ဘက်က အခြေအနေနှင့်ပတ်သက်၍ “ကိုဗစ်အခြေအနေကတော့ နေ့တိုင်းနေ့တိုင်း သဂြိုလ်နေရတဲ့ အခြေအနေမျိုးရှိနေတယ်ဗျ။ သီတဂူဆေးခန်းမှာရော၊ ဥယျာဉ်ဆေးခန်းမှာရော ပြည့်နေတယ်။ နောက် မြဝတ်ရည်မှာက ရိုးရိုးလူနာလိုလိုဖြစ်ပေမယ့်လည်း နေ့တိုင်းသေတာမျိုးရှိနေတယ်။ ဒီနေ့လည်း အဲ့ဒီကတစ်ယောက် သဂြိုလ်လိုက်ရတယ်။ နောက် မမုံကတစ်ယောက်ပေါ့နော်။ ဒီနေ့ အခုထိ မြဝတ်ရည်မှာ ၃ ယောက်သေတယ်” ဟု ဖားကန့်မြို့ရှိ သင်္ခါလူမှုညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရောဂါဖြစ်ပွားမှုများကြောင့် အသက်သေဆုံးသည့်ဦးရေ ပိုမိုများပြားလာသည်သာကမ အောက်ဆီဂျင်လိုအပ်မှုများလည်း မြင့်တက်နေသည်ဟု ဆက်ပြောသည်။
ဖားကန့်မြို့ရှိ သင်္ခါလူမှုညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက “အသက်ရှူကြပ်ပြီး အမောဆို့ပြီးသေတာ အဲ့လိုမျိုးဟုတ်တယ်။ နောက် သီတဂူမှာကျတော့ ကိုဗစ်ဖြစ်ပြီး အသက်ရှူကြပ် အောက်ဆီဂျင်ပြတ်ပြီးသေတာမျိုး ဟုတ်တယ်” ဟု ပြောသည်။
ရောဂါဖြစ်ပွားသူများကို ဆေးရုံသို့ ပို့ဆောင်ပေးရသကဲ့သို့ သေဆုံးသူများကို သဂြိုလ်ရန် ဆေးရုံမှ ဖုန်းဆက်အကြောင်းကြားလာပါက အခြားဌာနဆိုင်ရာများ၏ အကူအညီများမပါပဲ ပရဟိတအသင်းက ကိုယ်တိုင် ကမကထပြုလုပ်ကာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူများကို သွားရောက်သဂြိုလ်ပေးရသည်ဟု ဆိုသည်။
ထိုသို့ ဖြေရှင်းနေကြရသည့်အပြင် ပိုးသတ်ဆေးဖျန်းခြင်းများကိုလည်း ပရဟိတအသင်းများ၏ ကုန်ကျစရိတ်ဖြင့် တာဝန်ယူကာ ဖျန်းပေးနေရပြီး ငွေကြေးမှအစ ကိုဗစ်နှင့်သက်ဆိုင်သည့် အကာအကွယ်ပစ္စည်းများလည်း လိုအပ်နေသည်ဟု သင်္ခါလူမှုညီရေးအသင်းက တာဝန်ရှိသူက ဆိုသည်။
“ဆေးလည်း ကိုယ့်ဟာကိုယ်ပဲဖျန်းနေရတယ်။ သံသယရှိတဲ့အိမ်ကို ကိုယ့်ဟာကိုယ်ဖျန်းပေါ့၊ တစ်ရွာလုံးလည်း မဖျန်းနိုင်ဘူးလေနော်။ ကုန်ကျစရိတ်က များတယ်ဗျ။ ကျန်းမာရေးညွန်ကြားချက်လည်း ကျနော်တို့ဆီ ဘာမှမလာဘူး” ဟု ပြောသည်။
ကချင်ပြည်နယ်နည်းတူ ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း ကိုဗစ်လူနာ နေ့တိုင်းနီးပါးရှိနေပြီး အသက်သေဆုံးသူများလည်း များလာသည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့က ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“အစ်မတို့ဆီမှာလည်း နေ့တိုင်း လူနာရှိတယ်။ သေတဲ့လူတွေလည်း များတယ်။ ဒီအိမ်မှာ P ဖြစ်တယ်ကြားလည်း ဘယ်လိုဖြစ်ပြီး P ဖြစ်တာလဲ၊ ခရီးသွားရာဇဝင်ရှိလား၊ ဒီကြားထဲ ဘယ်သူတွေနဲ့ ထိတွေ့ခဲလဲ အဲ့လိုမျိုးတွေ မေးတာလည်းမရှိဘူး။ စစ်တာလည်းမရှိဘူး။ ကိုယ်က အသက်ရှုကြပ်လာရင် ကိုယ့်ဟာကိုပဲ ပရဟိတအသင်းကို ဖုန်းဆက်ရတယ်။ သူတို့လာခေါ်ရင် သွားလို့ရတယ်။ လာမခေါ်ရင် ဒီအတိုင်းပဲ အိမ်မှာနေရတယ်။ ဒီမှာတော့ အဲ့လိုမျိုးဖြစ်နေတာ။ ပရဟိတအသင်းတွေကတော့ အားလုံးဝိုင်းကူညီကြပါတယ်” ဟု ပြောသည်။
စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ်အတွင်း ဇူလိုင်လ ၁၄ ရက်နေ့က အတည်ပြုလူနာ ၄၁၅ ဦး တွေ့ရှိခဲ့ရပြီး လားရှိုးတွင် ၅ ဦး၊ ညောင်ရွှေတွင် ၁ ဦး၊ စုစုပေါင်း ၆ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ပြည်နယ်များနည်းတူ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင်လည်း COVID-19 အတည်ပြုလူနာများအနေဖြင့် ပရဟိတအသင်းများကိုသာ အားကိုးနေရပြီး၊ အတည်ပြုလူနာများရှိသည့် အိမ်များကလည်း မိမိတို့ကိုယ်တိုင် အိမ်များကို Lock Down ချခြင်း၊ အပြင်ထွက်ခြင်းများကို ရပ်တန့်ပြီး အိမ်မှာ နေနေကြရသည်ဟု ကလေးမြို့ခံများနှင့် ပရဟိတအသင်း တာဝန်ရှိသူများက ပြောသည်။
ကလေးမြို့က စေတနာ့ဝန်ထမ်းတစ်ဦးကလည်း “ဘယ်သူက ဘာဖြစ်တယ်၊ ဘယ်သွားတယ်ဆိုတာ ဘာမှမရှိတော့ဘူး။ အုပ်ချုုပ်ရေးပိုင်းက မရှိတော့ဘူးလေနော်။ အခုက ပြည်သူတွေကပဲ အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်ပြောပေးတာမျိုးလေနော်။ အခုက အုပ်ချုပ်ရေးလည်းမရှိ၊ ကြားကာလလိုဖြစ်နေတော့ ဘယ်သူမှလည်း စစ်ဆေးမေးမြန်းတာမရှိဘူး၊ ခရီးသွားရာဇဝင်ဘာညာဆိုတာက လုံးဝကို မရှိတော့ဘူး” ဟု ပြောသည်။
ထိုသို့ လုပ်ဆောင်ရာတွင် စိန်ခေါ်မှု၊ ခက်ခဲမှုများနှင့် အဖက်ဖက်မှအကူအညီများ လိုအပ်နေသည်ဟု ဆိုသည်။
လက်ရှိတွင် နိုင်ငံအဝန်း ကိုဗစ်အတည်ပြုလူနာနှင့် သေဆုံးသူဦးရေများ သိသိသာ မြှင့်တက်လျက်ရှိပြီး ဇူလိုင်လ ၁၅ ရက်နေ့ တစ်ရက်တည်းတွင် တနိုင်ငံလုံး၏ COVID-19 ဓါတ်ခွဲလူနာ ၁၁၀၄၄ ဦးအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာအသစ် ၄၁၈၈ ဦး တိုးလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
သို့သော် အဆိုပါ ထုတ်ပြန်ချက်ထက်လည်း များနိုင်သည်ဟု ပရိဟိတအသင်း တာဝန်ရှိသူများက ဆိုသည်။
ဇူလိုင်လ ၁၅ ရက်နေ့ ည ၈ နာရီအထိ စာရင်းအရ မြန်မာနိုင်ငံတဝှမ်းတွင် COVID-19 အတည်ပြုလူနာအသစ် ၇၀၈၃ ဦး ထပ်တွေ့ခဲ့သည့် အတွက် ၂၀၂၀ ခုနှစ် တစ်နှစ်လုံးနှင့် ယခု ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့အထိ အတည်ပြုလူနာ စုစုပေါင်း ၂၁၂၅၄၅ ဦး ရှိသွားပြီဖြစ်သည်ဟု သိရသည်။
ဓါတ်ပုံ - Shar Htet Paing







