ကသာ-ဗန်းမော် သွားလာသောယာဉ်များ စစ်ကောင်စီတပ်နှင့် ပစ္စည်းသယ်ပို့ခြင်းမလုပ်ရန် သတိပေး

ကသာ-ဗန်းမော် သွားလာသောယာဉ်များ စစ်ကောင်စီတပ်နှင့် ပစ္စည်းသယ်ပို့ခြင်းမလုပ်ရန် သတိပေး

ကသာ-ဗန်းမော် ရေလမ်းကုန်းလမ်းသွားလာသူများ စစ်ကောင်စီနှင့်ပတ်သက်သည့် လူနှင့်ပစ္စည်းများ တင်ဆောင်ခြင်းမပြုရန်၊ မိုးကာများအုပ်ပြီး မမောင်းရန် ကသာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့က သတိပေးထားသည်။

ဇူလိုင်လ ၁၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် အဆိုပါ သတိပေးထုတ်ပြန်ချက်ထဲတွင် အချက်လေးချက်ပါရှိပြီး ဘာသာရေးနှင့် လူမှုကူညီရေးကားများကိုလည်း စစ်ကောင်စီတပ်များက အသုံးနေသည့်အတွက် ကားမှန်များချမောင်းရန်နှင့် ကိုဗစ်ကာလအတွင် မြို့နေပြည်သူများအနေဖြင့် ညအချိန် အရေးမကြီးလျှင် အပြင်မထွက်ရန် ထည့်သွင်းသတိပေးထားသည်။

ထို့အပြင် ကသာ-ထီးချိုင့်၊ မန္တလေး-အင်းတော်-မြစ်ကြီးနား၊ ကသာ-ရွှေကူ-ဗန်းမော် ကားလမ်းတို့တွင် သွားလာနေသည့် ယာဉ်များအနေဖြင့်လည်း စစ်ကောင်စီတပ်၏ ပစ္စည်းများနှင့် လူများကို သယ်ယူပို့ဆောင်ပေးခြင်းများ မပြုလုပ်ရန် သတိပေးထားသည်။

သတိပေးစာတွင် တံဆိပ်မပါသော်လည်း အစစ်ဖြစ်ပြီး နောက်ပိုင်းတွင် လက်ရှိအခြေအနေထက် တိုက်ပွဲများ အရှိန်မြှင့်လာနိုင်သဖြင့် ကျေးရွာလူကြီးများ၊ ရပ်မိ/ရပ်ဖများက အကြံပေးမှုကြောင့် ယခုစာကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း PDF တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောသည်။

”ကျနော်တို့က စစ်မတိုက်ချင်ပါဘူး။ ဒါပေမယ့် အခု ပြည်သူတွေ ဒုက္ခရောက်နေတာရယ် နောက်လာမယ့်မျိုးဆက်တွေ ကျနော်တို့လို ဒုက္ခမရောက်အောင်အတွက် စစ်တိုက်နေတာပါ။ အဲ့ဒီအတွက် ဝိုင်းကူညီပေးကြပါ“ ဟု အဆိုပါ PDF တာဝန်ရှိသူက ပြောသည်။

PDF တပ်ဖွဲ့များသည် ပြည်သူထဲက ပြည်သူများသာဖြစ်ပြီး အပြစ်မဲ့သည့် မိဘပြည်သူများနှင့် ရင်သွေးငယ်များ ဖမ်းဆီးထောင်ချခံ၊ သတ်ဖြတ်ခံနေရဖြင့် ပြည်သူများကို ကာကွယ်ရန် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်၍ ပူးပေါင်းကူညီပေးကြရန်လိုကြောင်း ၎င်းကဆိုသည်။

ယနေ့ ထုတ်ပြန်လိုက်သည့် သတိပေးစာထဲတွင် ခရီးသွားယာဉ်များအနေဖြင့် မိုးလေဝသအခြေအနေများကြောင့် မိုးကာအုပ်သွားလိုလျှင် ဆက်သွယ်အကြောင်းကြာနိုင်ရန် ဖုန်းနံပါတ်တစ်ခုကိုလည်း ထည့်သွင်းထုတ်ပြန်ထားသည်။

ယခုရက်ပိုင်းအတွင်း ကသာမြို့အနီးတဝိုက်တွင် တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်လာပြီး ကသာနှင့် ဆယ်မိုင်ခန့်ဝေးသည့် မိုးဒါးကြီး၊ မိုးဒါလေး နေရာဘက်တွင် စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် ယခုခါ ကသာမြို့ ကားကြီးဝန်းအနီးထိ ရောက်လာကြောင်း ကာသာမြို့ ဒေသခံများက ပြောသည်။

သို့သော်လက်ရှိတွင် ဒေသခံပြည်သူများအနေဖြင့် ”ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အားလုံးက တိုက်ပွဲထက် ကိုဗစ်ကိုကြောက်နေရတဲ့ သဘောဖြစ်နေတာလေ” ဟု အမှတ် ၄ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

ကသာ PDF တပ်ဖွဲ့သည် အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်တော်လှန်တိုက်ခိုက်ရန်အတွက် ဒေသခံများစုပေါင်း၍ ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်သည်။

မေ ၃၀ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီ၏ယာဉ်တန်းကို စတင်တိုက်ခဲ့ပြီးနောက် တစ်လခွဲကာလအတွင်း ကသာမြို့ ၁ မိုင်အကွာအထိ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာနိုင်သည်ဟု သတင်းများတွင် တွေ့နေရသည်။

August 8, 2026
စစ်အုပ်စုကို ပြန်လည် ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံက အာဆီယံကို တိုက်တွန်းပြောဆိုထားသော်လည်း လက်ရှိ...
August 8, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုနှင့်ပတ်သက်၍...
August 7, 2026
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုတို့ကြောင့် ရခိုင်ပြည်၊ မြေပုံမြို့နယ်...
ဓာတ်ပုံ - NMG (ပုံဟောင်း)
August 7, 2026
ကချင်ပြည်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်က အင်အားဖြည့်တင်းမှုများ...