ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေအတွင်း COVID-19 အတည်ပြုလူနာ ၂၅၀ ကျော်သွားပြီဖြစ်ပြီး ကူးစက်မှုများ မြင့်တက်လာနေသည့်အတွက် လိုင်ဇာမြို့ရှိ ကျောင်းများ၊ သင်တန်းများနှင့် ဘုရားကျောင်းများကို တစ်ပတ်ပိတ်လိုက်ပြီဟု သိရသည်။
ဇူလိုင်လ ၁၂ ရက်နေ့ (ယမန်နေ့) ညနေပိုင်းအချိန်ထိ စစ်ဆေးတွေ့ရှိချက်များအရ ပိုးတွေ့အတည်ပြုလူနာအများစုမှ မိုင်ဂျာယန်မှဖြစ်သည်ဟု မိုင်ဂျာယန်က ဒေသခံတစ်ဦးက ပြောသည်။
“ကျမတို့ မိုင်ဂျာယန်မှာ စနေ့နေ့လောက်ကစပြီး ကျောင်းတွေအားလုံး စစ်တယ်၊ မိုင်ဂျာယန်ကောလိမ်မှာလည်း စစ်တယ်။ အဲ့မှာက စနေညကတည်းက ၁၆၀ ကျော်တယ်နော်။ မနေ့ကလည်း စစ်တယ်။ ဒီနေ့လည်း စစ်တယ်။ ဒီနေ့ဆိုရင် ပါကထောင် စစ်ရှောင်စခန်းကလည်း p ဖြစ်တဲ့လူပါတယ်လို့ ပြောတယ်။ ကျောင်းတွေလည်း အားလုံးပိတ်ထားတယ် အခုက” ဟု ပြောသည်။
မိုင်ဂျာယန်မြို့ရှိ COVID-19 အတည်ပြုလူနာများအား ဖက်ဒရယ်ဥပဒေ အကယ်ဒမီကျောင်းဝန်းအတွင်း သီးသန့် ဆေးကုသမှုပေးထားသည်ဟု ဒေသခံများက ပြောသည်။
“မိုင်ဂျာယန် ဖက်ဒရယ်ဥပဒေ အကယ်ဒမီကျောင်းမှာ Positive ဖြစ်တဲ့လူနာတွေကို အဲ့မှာ သီးသန့်ထားတယ်။ လူနာတွေကတော့ နေ့တိုင်းတိုးတယ်။ ၂၀၀ ကျော်ဆိုပေမယ့် အခုဆိုရင် ၃၀၀ လောက်ရှိလောက်ပြီဆိုတာမျိုး သိထားတယ်။ မိုင်ဂျာယန်ကောလိပ်၊ MIED ရယ်၊ နောက်ပြီး မုန်မြစ်ဆီလီ စစ်ရှောင်တွေရဲ့ ကျောင်းရယ်၊ ဘော်ဒါ ဒီဖာသာတွေဖွင့်ထားတဲ့ ဘော်ဒါက လူတွေ P ဖြစ်တယ်လို့ သိရတယ်။ ကျမတို့လည်း ဒီနေ့ စစ်ထားပြီ။ မိုင်ဂျာယန် ဖက်ဒရယ်ကျောင်းလည်း စစ်ထားပြီ။ ဒီနေ့ စစ်တဲ့လူတွေကတော့ မနက်ဖြန်မှာ အဖြေသိရမယ်” ဟု မိုင်ဂျာယန်ရှိ အခြားဒေသခံတစ်ဦးက ဆက်ပြောသည်။
မိုင်ဂျာယန်ဒေသရှိ ကျောင်းများက ကျောင်းသူ/ကျောင်းသားများ၊ စစ်ရှောင်စခန်းမှ စစ်ရှောင်များနှင့် ဒေသခံများအား ဇူလိုင် ၁၀ ရက်နေ့ (စနေနေ့) ကစတင်၍ ဆေးစစ်မှုများ ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။
“မိုင်ဂျာယန်မှာက အားလုံးပိတ်လိုက်ပြီ။ လမ်းတွေလည်း ကိုယ့်ဟာကိုယ်ပိတ်ကြတယ်။ အခုက ကျောင်းတွေအကုန်လုံးကို စစ်ပေးနေတယ်။ တချို့ကတော့ ကာကွယ်ဆေးက ထိုးပြီးသားဟုတ်တယ်။ ဒါပေမယ့် အခုက ထိုးပြီးတဲ့လူရော မထိုးရသေးတဲ့လူတွေရော အားလုံးကို ကျန်းမာရေးက စစ်ပေးနေတယ်” ဟု မိုင်ဂျာယန်က ဒေသခံတစ်ဦးက ပြောသည်။
ထို့အတူ လိုင်ဇာမြို့တွင်လည်း COVID-19 ရောဂါပိုးစစ်ဆေးမှုများကို ဇူလိုင်လ ၁၁ ရက်နေ့ (တနင်္ဂနွေနေ့) မှစတင်၍ စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိပြီး လိုင်ဇာအနီးက အလမ့်ဘွမ်ရှိ ကျောင်းသူ/ကျောင်းသားများကိုလည်း ဆေးစစ်ခဲ့ရာ ပိုးတွေ့ရှိမှု မရှိသေးဘူးဟု KIO ၏ COVID-19 ရောဂါ ကာကွယ်တားဆီးနှိမ်နှင်းရေးကော်မတီ တာဝန်ရှိသူက ပြောသည်။
မိုင်ဂျာယန်မြို့အတွင်း ကျောင်းသားများ၌ ဖြစ်ပွားနေသော ကူးစက်မြန် COVID-19 ရောဂါအခြေအနေသည် စိုးရိမ်ရသော Positive လူနာများရှိလာခြင်းကြောင့် လိုင်ဇာမြို့တွင်လည်း အင်မတန် စိုးရိမ်သတိထားသင့်သောအခြေအနေ ဖြစ်ပေါ်နေပါသည်ဟု COVID-19 ရောဂါ ကာကွယ် တားဆီးနှိမ်နှင်းရေးကော်မတီက ဇူလိုင်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
“ထို့ကြောင့် ကြိုတင်သတိထားကာကွယ်တဲ့အနေဖြင့် လိုင်ဇာမြို့ အုပ်ချုပ်နယ်မြေအတွင်းရှိ စာသင်ကျောင်းများအားလုံး၊ မူကြိုကျောင်းများ၊ ကရာတေး ကလပ်၊ သင်တန်းများနှင့် ဘာသာရေးဘုရားရှိခိုးခြင်း အစီအစဉ်များအား ၁၂/၇/၂၀၂၁ ရက်နေ့မှ ၁၈/၇/၂၀၂၁ ရက်နေ့အထိ (တစ်ပတ်) ပိတ်ထားမည်ဖြစ်ပါကြောင်း အများပြည်သူများအားလုံး သိရှိလိုက်နာဖို့ရန် အသိပေးကြေညာလိုက်ပါသည်” ဟု အဆိုပါထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေအတွင်း ၂၀၂၀ ခုနှစ် တစ်နှစ်ပတ်လုံးနှင့် ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်ကာလအထိ COVID-19 ရောဂါကူးစက်မှု မရှိခဲ့သော်လည်း ယခုနှစ် မတ်လခန့်မှစတင်၍ ယခု ဇူလိုင်လ ပထမအပတ်အထိ ဝင်ရောက်လာသူများထဲမှ ရောဂါ ကူးစက်ခံရသူများ ရှိလာခဲ့ခြင်းဖြစ်သည်။
ယခုခါတွင် မိုင်ဂျာယန်တွင် ကူးစက်မှုနှုန်းမှာ စိုးရိမ်သတိထားသင့်သည့် အခြေအနေမျိုး ဖြစ်လာသည့်အတွက် ပြည်သူများအနေဖြင့် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာနေထိုင်ကြရန် KIO ၏ COVID-19 ရောဂါ ကာကွယ်တားဆီးနှိမ်နှင်းရေးကော်မတီက တိုက်တွန်းထားသည်။
ဓါတ်ပုံ - Mai Ja Yang Institute of Education







