မော်လမြိုင်တွင် အိမ်ပြင်ထွက်ကပ်ပြားဖြင့်သာ သွားလာခွင့်ပြု

မော်လမြိုင်တွင် အိမ်ပြင်ထွက်ကပ်ပြားဖြင့်သာ သွားလာခွင့်ပြု

COVID-19 ကူးစက်မှုနှုန်း မြင့်တက်နေသည့် မော်လမြိုင်မြို့နယ်တွင် အပြင်ထွက်သွားလာခွင့်ကတ်ပြားပါမှသာ အိမ်ပြင်ထွက်သွားလာခွင့်ရှိသည်ဟု မြို့ခံပြည်သူများ ပြောသည်။

မော်လမြိုင်မြို့နယ်ကို ဇူလိုင်လ ၈ ရက်နေ့ကစပြီး နေအိမ်တွင်နေထိုင်ရန် Stay at Home အဖြစ်သတ်မှတ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာထားသည်။

ထို့နောက် ရပ်ကွက်အတွင်းရှိ နေအိမ်များအား တစ်အိမ်လျှင် အပြင်ထွက်လာခွင့် ကဒ်ပြားတစ်ကဒ်စီထုတ်ပေးထားပြီး ထိုကဒ်ပြားဖြင့် တစ်အိမ်လျှင် တစ်ယောက်သာ အပြင်ထွက်သွားလာခွင့်ရှိသည်။

“တစ်အိမ် ကဒ်ပြားတစ်ခုပေါ့။ အဲဒါကို ရပ်ကွက်ရုံးမှာ သွားယူရပါတယ်။ အဲဒီကဒ်ပြားနဲ့ အပြင်ထွက်ရမယ်၊ ကဒ်ပြားမပါပဲ အပြင်ထွက်လို့ စစ်ဆေးတွေ့ရှိခဲ့ရင် အရေးယူခံရမယ်လို့ပြောတယ်။ ကဒ်ပြားအတွက်တော့ ပိုက်ဆံမပေးရပါဘူး” ဟု မော်လမြိုင် စျေးကြိုရပ်ကွက်နေ ဒေါ်မိချို က ပြောသည်။

အချို့ရပ်ကွက်များတွင် အပြင်ထွက်သွားလာခွင့် ကတ်ပြားအတွက်ဟုဆိုကာ ကျပ် ၃၀၀ နှင့် ၁၀၀၀ အကြား ပေးဆောင်နေရခြင်းများလည်း ရှိနေသည်ဟု သိရသည်။

အရေးပေါ်ကျန်းမာရေးကိစ္စ ဖြစ်ပေါ်လာပါက တစ်အိမ် နှစ်ယောက်ထွက်ခွင့်ရှိကြောင်းနှင့် ကဒ်သည် နံနက် ၄ နာရီမှ ည ၁၀ နာရီအထိသာ အကျုံးဝင်သည်ဟု ကဒ်ပြားပါစည်းကမ်းချက်တွင် ပါရှိသည်။

ထို့အပြင် ကဒ်ပြားမပါပဲ နေအိမ်အပြင်ထွက်ခြင်း၊ Mask မတပ်ပဲ အပြင်ထွက်ခြင်း၊ အပြင်ထွက်ရသည့်အကြောင်းအရင်း ခိုင်လုံစွာမရှိခြင်း၊ ကဒ်အား အခြားသူတို့ လွှဲပြောင်း/ငှားရမ်းခြင်း မပြုလုပ်ရဟုလည်း စည်းကမ်းသတ်မှတ်ထားသည်။

ထိုစည်းကမ်းသတ်မှတ်ချက်များအား လိုက်နာမှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူမည်ဟု စစ်ကောင်စီက ကြေညာထားသည်။

မွန်ပြည်နယ်အတွင်း ဇွန်လဆန်းမှစပြီး ကိုဗစ်ကူးစက်မှုနှုန်း ဆက်တိုက်မြင့်တက်လာသည့်အပြင် သေဆုံးမှုနှုန်းလည်း မြင့်တက်လာသည့်အတွက် ပြည်နယ်အတွင်း ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များ တင်းကြပ်ထားပြီး ပြည်နယ်အတွင်းနှင့် ပြည်နယ်အဝင်/အထွက်ကိုလည်း စစ်ကောင်စီက ကန့်သတ်ထားသည်။

မွန်ပြည်နယ်အတွင်း ဇွန်လဆန်းခန့်မှစတင်၍ ကိုဗစ်ကူးစက်မှုများ တွေ့ရှိလာပြီးနောက် ယခုလ ဇူလိုင်လ ၁၀ ရက်နေ့အထိ ထုတ်ပြန်ထားသည့်စာရင်းများအရ ပြည်နယ်ထဲတွင် COVID-19 အတည်ပြုလူနာ ၂၀၀၀ ကျော်ရှိပြီဖြစ်ပြီး သေဆုံးသူမှာ ၇၀ ကျော်ရှိသွားပြီဖြစ်သည်ဟု သိရသည်။

 
 

 

 

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...