မြိတ်တွင် အမျိုးသမီးတစ်ဦးက ရွှေ ၃ ပိဿာနီးပါးနှင့် ငွေကျပ် သိန်းတစ်သောင်းခွဲကျော် လိမ်လည်ထွက်ပြေး

မြိတ်တွင် အမျိုးသမီးတစ်ဦးက ရွှေ ၃ ပိဿာနီးပါးနှင့် ငွေကျပ် သိန်းတစ်သောင်းခွဲကျော် လိမ်လည်ထွက်ပြေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် အမျိုးသမီးတစ်ဦးသည် ရွှေ ၂ ပိဿာ ၇၀ ကျပ်သားနှင့် ကျပ်ငွေ သိန်းတစ်သောင်းခွဲကျော်ကို လိမ်လည်ကာ တိမ်းရှောင်သွားကြောင်း သိရသည်။

ပုလောမြို့တွင်နေထိုင်သူ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးက မြိတ်မြို့ ရွှေဆိုင် ၂ ဆိုင်က ရွှေများ၊ အထည်ဆိုင်များနှင့် ပုလောမြို့နယ်များမှ လူ ၂၅ ဦးခန့်ထံမှ ရွှေနှင့်ငွေသားများ လိမ်လည်ကာ တိမ်းရှောင်သွားကြောင်း ငွေကြေးဆုံးရှုံးသူများထံမှ သိရသည်။

“မြိတ်မြို့က ရွှေဆိုင်ပိုင်ရှင်တွေနဲ့ အထည်ဆိုင်တွေဆီက အလိမ်ခံရတဲ့တန်ဖိုးက ရွှေ၊ ငွေသားနဲ့ အထည်ဖိုးတွေဟာ ရွှေ ၂ ပိဿာ ၇၀ သားနီးပါးနဲ့ ငွေကျပ် သိန်းပေါင်း ၁၅,၀၀၀ (သိန်းတစ်သောင်းခွဲ) ရှိတယ်၊ ပလောရဲစခန်းမှာလည်း အမှုဖွင့်ထားတယ်၊ ရှေ့နေတွေနဲ့လည်း တိုင်ပင်နေတယ်” ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးက အတည်ပြုပြောသည်။

အဆိုပါ လိမ်လည်ခံရသူများမှာ မြိတ်၊ ကော့သောင်း၊ ပုလောနှင့် ရန်ကုန်မြို့ကြီးများမှဖြစ်ပြီး လိမ်လည်ခံရသူ ၂၅ ဦးခန့်ရှိပြီး တစ်ဦးလျှင် သိန်း ၂၀ မှ သိန်း ၂၀၀၀ ကျော်အထိ လိမ်လည်ခံထားကြရသည်ဟု သိရသည်။

လိမ်လည်သူမှာ ပုလောမြို့၊ ခရေပင်လမ်း၊ အမှတ် (၂) ရပ်ကွက်၊ မြို့နယ်ခန်းမနံဘေးတွင်နေထိုင်ပြီး ပုလောမြို့ဈေးကြီးတွင် လင်းမေနှိုင်းရွှေဆိုင်နှင့် လင်းလင်းအထည်ဆိုင် အမည်များဖြင့် ဆိုင် ၂ ဆိုင်ဖွင့်လှစ်ကာ နေထိုင်သူ မလင်းလင်းမိုးဆိုသူဟု သိရသည်။

သတင်းနှင့်မီဒီယာကွန်ရက်က မလင်းလင်းမိုးအား ဆက်သွယ်၍မရပါ။

ပြီးခဲ့သည့် တနင်္လာနေ့အထိ မက်စင်ဂျာမှတဆင့် ဆက်သွယ်ကာ ငွေများပြန်လွှဲပေးနေပြီး ကြာသပတေးနေ့ နံနက် ၁၁ နာရီအချိန်ခန့်အထိ မက်ဆင်ဂျာအသုံးပြုနေခြင်းကို တွေ့ရကြောင်း၊ ထို့နောက် ဇူလိုင် ၉ ရက်နေ့တွင် ငွေများလိုအပ်လာသည့်အတွက် ကြွေးရှင်အချို့ လိုက်သွားချိန်မှ ၎င်းတို့အလိမ်ခံရမှန်းသိရကြောင်း မြိတ်မြို့က အခြားရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆက်ပြောသည်။

“ပုလောက သူ့အိမ်ရောက်တဲ့အခါမှာ အိမ်ရှေ့မှာ ကြိုးတားထားပြီး ဘေးတပေါက်ဖွင့်ထားတယ်၊ အိမ်သားတွေကို အကျိုးအကြောင်းမေးကြည့်တော့ သူမရှိတော့ပါဘူး။ ငွေကြေးကိစ္စ သူတို့နဲ့မဆိုင်ဘူး။ တာဝန်လဲမယူနိုင်ဘူးပြောတဲ့အတွက် ပုလောမြို့မရဲစခန်းမှာ အမှုသွားဖွင့်ခဲ့ပါတယ်။ သူ့အိမ်ရှေ့မှာ ငွေအကြွေးတောင်းဖို့ စောင့်နေကြတဲ့သူတွေ အတော်များများတွေ့ခဲ့ရတယ်” ဟု အဆိုပါ ရွှေဆိုင်ပိုင်ရှင်က ပြောသည်။

အိမ်အနီးပါတ်ဝန်းကျင်နှင့် မိတ်ဆွေများကို အနံ့မရဖြစ်နေသည်ဟုသတင်းလွှင့်ကာ နေအိမ်အား Stay at Home Quarantine ဝင်ဟန်ပြုကာ ကြိုးတားခဲ့ပြီး ရှောင်တိမ်းသွားခြင်းဖြစ်ကြောင်း ပုလောမြို့ခံများက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပုလောမြို့မရဲစခန်း တာဝန်ရှိသူများက မလင်းလင်းမိုးနေအိမ်အား သွားရောက်စစ်ဆေးကာ ကာယကံရှင်များ၏ အမှုဖွင့်ခြင်းကိုလက်ခံခဲ့ပြီး လိမ်လည်ထွက်ပြေးတိမ်းရှောင်နေသည့် အမျိုးသမီးအား ဖမ်းဆီးရမိရေးအတွက်ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဓါတ်ပုံ - ကြွေးရှင်များ သွားရောက်စောင့်ဆိုင်းနေသည့်ပုံ

 

 
 

 

 

August 8, 2026
စစ်အုပ်စုကို ပြန်လည် ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံက အာဆီယံကို တိုက်တွန်းပြောဆိုထားသော်လည်း လက်ရှိ...
August 8, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုနှင့်ပတ်သက်၍...
August 7, 2026
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုတို့ကြောင့် ရခိုင်ပြည်၊ မြေပုံမြို့နယ်...
ဓာတ်ပုံ - NMG (ပုံဟောင်း)
August 7, 2026
ကချင်ပြည်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်က အင်အားဖြည့်တင်းမှုများ...