စစ်ကောင်စီတပ်ဖွဲ့များက စစ်ဘေးရှောင်များအပေါ် အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန် (KCSN)

စစ်ကောင်စီတပ်ဖွဲ့များက စစ်ဘေးရှောင်များအပေါ် အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန် (KCSN)

ကရင်နီစစ်ဘေးရှောင်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခြိမ်းခြောက်ခြင်း၊ အတင်းအဓမ္မခိုင်းစေခြင်းနှင့် ငွေကြေးတောင်းယူခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို လုပ်ဆောင်ခဲ့သည်ဟု ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ယက် KCSN က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကယား (ကရင်နီ) ပြည်နယ် ဒီမော့ဆိုမြို့နယ်ရှိ မြလဲရွာကျေးရွာအုပ်စုနှင့် ထီးဖိုး ကလိုး ကျေးရွာအုပ်စုအတွင်းရှိ စစ်ဘေးရှောင်စခန်းသို့ ဝင်ရောက်လာပြီးနောက် ထိုသို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များ၏ ပြောဆိုချက်ကိုကိုးကား၍ KCSN ပြောရေးဆိုခွင့်ရှိသူ ခူးကိုရယ်က ပြောသည်။

၎င်းက “သူတို့က IDPs စခန်းတွေအထိ ဒီစစ်ကောင်စီတပ်တွေက ရောက်လာတယ်လေ။ ဆိုတော့ ဒီ IDPs စခန်းမှာရှိတဲ့လူတွေကို သူတို့ ရေခပ်ခိုင်းတယ်ပြောတယ်။ ပြီးတော့ ထမင်းတွေချက်ခိုင်းတယ်ပြောတယ်။ အဲဒီတစ်ခုပေါ့နော။ နောက်ပြီးမှ လူထုကို ခြိမ်းခြောက်တာလည်းရှိတယ်။ နောက်ပြီးမှ IDPs စခန်းမှာ IDPs တွေရဲ့ ပိုင်ဆိုင်မှုလို့ပြောရမလား IDPs တွေရဲ့ ပိုက်ဆံတွေကိုလည်း သူတို့ တောင်းယူသွားတယ်ပြောတယ်” ဟု ပြောသည်။

စစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်ပြည်သူများအား လူ့အခွင့်ချိုးဖောက်မှုများကို လုပ်ဆောင်နေသည်သာမက ဒီမော့ဆိုမြို့နယ်မှ ကျေးရွာများအတွင်းရှိ ဒေသခံများ သိုမှီးထားသည့်  ဆန်စပါးနှင့် မွေးမြူထားသည့် အိမ်မွေးတိရစ္ဆာန်များကိုပါ ဖမ်းဆီးယူဆောင်သွားကြသည့်ဖြစ်စဉ်များနှင့် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုပ်ဆောင်ခဲ့ကြသည်ဟု ဆက်ပြောသည်။

ခူးကိုရယ်က “နောက်ပြီးမှ တစ်ချို့ရွာတွေဆိုရင် ဒီမော့ဆို ဆိုရင် ကျနော်အသိတွေရှိတယ်။ အဲဒါ ရွာထဲက ဆန်စပါးပေါ့နော အဲဒါ သူတို့စပါးကျီတွေကို သူတို့ဖောက်ပြီးမှ သူတို့ယူသွားတယ် နောက်ပြီးမှ အိမ်မွေးတိရစ္ဆာန်ပေါ့နော။ အိမ်မွေးတိရစ္ဆာန်ဆိုတာက ကြက်၊ ဝက်တို့ အဲလိုတွေပေါ့ သူတို့သတ်စားတာလည်းရှိတယ်” ဟု ပြောသည်။

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများက ဒေသခံများပြည်သူများအတွက် ဖွင့်လှစ်ထားသည့် ကျေးရွာအခြေပြု ဆေးပေးခန်းများကို ဖျက်ဆီးခြင်းနှင့် ဆေးခန်းအတွင်းရှိ ဆေးဝါးများကိုလည်း ယူဆောင်သွားကြသည်ဟု KCSN က ဆိုသည်။

ဤကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်မှုများသည် စစ်တပ်က ဟိုးယခင်အဆက်ဆက်က တိုင်းရင်းသားဒေသများရှိ လူသူအရောက်အပေါက်နည်းသည့် ကျေးရွာများတွင်ကျူးလွန်နေသည့် ဖြစ်စဉ်များဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် မြို့ကြီးပြကြီးများအထိပင် ထိုသို့လုပ်ဆောင်လာခဲ့ကြသည်ဟု တိုင်းရင်းသားများက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကယား (ကရင်နီ) ပြည်နယ်တွင် စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားလာသကဲ့သို့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားလာခဲ့ကြသည်။

တိုက်ပွဲများအတွင်း ဒေသခံပြည်သူများမှာ စစ်ကောင်စီတပ်များ၏ သတ်ဖြတ်ခံရခြင်း၊ ဖမ်းဆီးနှိပ်စက်ခံရခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်းတို့အပြင် စစ်ဘေးလွတ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့်အတွက် နေထိုင်စားသောက်ရေးအပြင် အဖက်ဖက်မှ အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်များက စစ်ရှောင်စခန်းများအတွင်းသို့ ရောက်ရှိလာသည့်အတွက် စစ်ဘေးရှာင်နေကြရသည့် ဒေသခံပြည်သူများမှာ စိုးရိမ်ကြောက်ရွံ့မှုများနှင့် ဘဝလုံခြုံမှုမရှိသည့် အခြေအနေသို့ ရောက်ရှိနေသည်ဟု ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် KCSN က ဆိုသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...