ရန်ကုန်ရှိ လျှပ်စစ်ရုံးများတွင် ပေါက်ကွဲမှုများဖြစ်

ရန်ကုန်ရှိ လျှပ်စစ်ရုံးများတွင် ပေါက်ကွဲမှုများဖြစ်

မီတာခမဆောင်လျှင် မီးဖြတ်သွားမည့်စီမံချက်ဖြင့် မီတာခများ အတင်းအကြပ် လိုက်လံကောက်ခံပြီးနောက် ရန်ကုန်မြို့ရှိ လျှပ်စစ်မီတာရုံးများတွင် ပေါက်ကွဲမှုများ ဖြစ်ပွားလာခဲ့သည်။

ရန်ကုန်မြို့ရှိ လမ်းမတော်၊ တာမွေ၊ မင်္ဂလာဒုံ၊ လှိုင်နှင့် အခြားမြို့နယ်အချို့က EPC ရုံးများတွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်လာသဖြင့် မီတာရုံးများတွင် လက်နက်ကိုင်အစောင့်အကြပ်များ ချထားသည်ကိုတွေ့ရကြောင်း လှိုင်မြို့နယ်၊ ဘူတာရုံလမ်းအတွင်းနေထိုင်သည့် အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

"EPC ရုံးထဲမှာတပ်စွဲထားတာ။ အင်အား ၁၀ ယောက်လောက်ရှိတယ်။ မီတာလာဆောင်တဲ့သူတွေတော့ မတွေ့ဘူး" ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့ပြပြောက်ကျား မြေအောက်တော်လှန်ရေးအဖွဲ့ (YUG) က ရေခွန်၊ လျှပ်စစ်ခွန်များ မပေးဆောင်ရေး တိုက်တွန်းနိုးဆော်ထားသလို အာဏာဖီဆန်နေသည့် ပြည်သူများအပေါ် ခြိမ်းခြောက်ပြီး လျှပ်စစ်မီးဖြတ်တောက်နေသည့် Non-CDM ဝန်ထမ်းများအနေဖြင့် ၎င်းတို့အသက်အိုးအိမ်ကို တန်ဖိုးထားပါက ယခုကဲ့သို့သော လုပ်ဆောင်နေမှုများကို ရပ်တန်းကရပ်ရန် တိုက်တွန်းထားသည်။

"ကျနော်တို့လည်း မလုပ်ချင်ပါဘူး။ ဒါပေမယ့် အထက်က ဖိအားလည်းရှိတယ်။ ရပ်ကွက်က complain (တိုင်ကြားမှု) တွေကိုလည်း ဖြေရှင်းနေရတာ။ သွားသာသွားရတယ် ဘယ်အချိန် ကိုယ့်ဓါးနဲ့ထိုးမလဲဆိုတာ ကြောက်နေရတယ်" ဟု ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းက EPC ဝန်ထမ်းတစ်ဦးက ပြောသည်။

ပြည်သူများကို ဓာတ်အားခ မပေးဆောင်ရန် ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပ်ဖွဲ့ (ဖ.ဆ.လ.တ) အဖွဲ့က တိုက်တွန်းထားပြီး ထိုသို့သောလုပ်ဆောင်မှုသည် လျှပ်စစ်ဓါတ်အား ဆက်လက်ထုတ်လုပ် ဖြန့်ဖြူးပေးရန်အတွက် အခက်အခဲများဖြစ်နိုင်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဇူလိုင် ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

"ကျမတို့ကတော့ မဆောင်ဘူး။ လာဖြတ်လည်း ဖယောင်းတိုင်နဲ့နေမယ် မီးသွေးနဲ့ချက်မယ်။ မီးစက်ငှားပြီး ရေတင်မယ်။ မီတာမဆောင်လို့ မီးဖြတ်မယ်ဆိုရင်တော့ လျှပ်စစ်ပေးတဲ့ ရုံးမီးလောင်မှာပေါ့။ အခုကမိုးတွင်း ဓါတ်အားတွေက ပိုနေမှာ" ဟု ကမာရွတ်မြို့နယ်အတွင်းနေထိုင်သည့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကလည်း ပြည်သူများ လျှပ်စစ်မီတာခများ မပေးဆောင်ပါက ဓာတ်အားထုတ်လုပ်မှုစရိတ်၊ ဝယ်ယူနေရသော သဘာဝဓါတ်ငွေ့နှင့် (LNG) ဓာတ်အားခများအတွက် ဝင်ငွေမရရှိပါက အခက်အခဲများဖြစ်ပေါ်လာနိုင်ပြီး ပြည်သူများကို လျှပ်စစ်မီး အလှည့်ကျဖြန့်ဝေရမည့်အခြေအနေသို့ ရောက်ရှိလာနိုင်ကြောင်း ဇူလိုင်လ ၈ ရက်နေ့က ထုတ်ပြန်သည့်ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းဖော်ပြထားသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...