စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်များ၏ အကြမ်းဖက်မှုကြောင့် ၅ လတာကာလအတွင်း ကရင်နီပြည်သူ ၈၀ နီးပါး အသတ်ခံရသည် ဟု ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် (KCSN) က ပြောသည်။
ကရင်နီလူမှု့အသင်းအဖွဲ့များကွန်ယက် (KCSN) ပြောရေးဆိုခွင့်ရှိသူ ခူးကိုရယ်က “ကျနော်တို့ပြည်နယ် ကရင်နီပြည်နယ်မှာကျတော့ သတ်ဖြတ်ခံရတဲ့သူတွေက ဇူလိုင်လ ၄ ရက်အထိပေါ့နော။ အဲဒါ ၇၆ ယောက်ရှိပြီပေါ့နော” ဟု ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့အထိ ကရင်နီပြည်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများထဲမှ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက်က လက်လှမ်းမှီသလောက် ကောက်ခံရရှိထားသည့် စာရင်းများသာဖြစ်သည်ဟု KCSN က ပြောသည်။
ထိုသတ်ဖြတ်ခံရသူများသည် တိုက်ပွဲအတွင်း သတ်ဖြတ်ခံရသူများအပြင် စစ်ကောင်စီတပ်များ၏ အကြောင်းမဲ့ ပစ်ခတ်မှုများကြောင့် သေဆုံးရခြင်း၊ ဖမ်းဆီးချုပ်နှောင်ပြီး သတ်ဖြတ်ခံရခြင်း၊ စစ်ပြေးရှောင်သူများအတွက် စားနပ်ရိက္ခာများ သယ်ယူရာတွင်လည်း သတ်ဖြတ်ခြင်းခံရသူများဖြစ်ပြီး သတ်ဖြတ်ခံရသည့် လူဦးရေသည် အတည်ပြုထားသော ၇၆ ဦးထက် ပိုမိုများပြားနိုင်သည်ဟု KCSN က ဆိုသည်။
ထို ၇၆ ဦးထဲတွင် ဇွန်လ ၂၂ ရက်နေ့မှ ဇူလှိုင် ၄ ရက်နေ့အတွင်း သတ်ဖြတ်ခံရသူ ၁၂ ဦးနှင့် ဇွန်လ ၂၈ ရက်နေ့ ညနေပိုင်းအချိန်က မိုးဗြဲမြို့ မှ ဖယ်ခုံမြို့သို့ ဆိုင်ကယ်စီးလာသော လူငယ်တစ်ဦးအား စစ်ကောင်စီတပ် ခမရ ၄၂၂ မှ ပစ်ခတ်သတ်ဖြတ်ခဲ့သောသူလည်း ပါဝင်သည်ဟု သိရသည်။
သတ်ဖြတ်ခံရသူများထဲတွင် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်မှသူများနှင့် အရပ်သားပြည်သူများပါဝင်ပြီး များသောအားဖြင့် ဒီးမော့ဆိုမြို့နယ်မှ အရပ်သားများဖြစ်ကြသည်ဟု ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် (KCSN) ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်မှုကြောင့် သေဆုံးသူများအပြင် ထိခိုက်ဒဏ်ရာရရှိသူများနှင့် ဖမ်းဆီးခံထားရသူများလည်း ရှိနေသည်ဟု ခူးကိုရယ်က ဆက်ပြောသည်။
၎င်းက “နောက်ပြီးမှ ဖမ်းဆီးခံရတဲ့လူတွေက ကျနော်တို့ ဒီရီပို့စ်ထဲမှာကျတော့ ၁၃၂ ပေါ့ ဒါပေမယ့် ဒီရက်စွဲနဲ့ပဲ အခုဆိုရင် သူတို့က ပိုတိုးလာတယ်ပေါ့နော။ ၁၃၄ ယောက်လောက်ရှိတယ်။ ဖမ်းဆီးခံရတာက အဲဒီမှာ ထိခိုက်ဒဏ်ရာရတဲ့လူတွေက ၁၀၂ ယောက်ပေါ့။ သူတို့ စစ်ကောင်စီ တပ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ဟာတွေပေါ့နော အဲဒါ ဖမ်းဆီးခံရတာ သတ်ဖြတ်ခံရတာ ထိခိုက်ဒဏ်ရာရတဲ့ဟာတွေကို ကျနော်တို့ ပြုစုထားတဲ့ဟာပေါ့” ဟု ပြောသည်။
ကရင်နီပြည်နယ်သာမက တစ်နိုင်ငံလုံးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၈၉၈ ဦး၊ ဖမ်းဆီးခံထားရသူ ၅၁၂၇ ဦးရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ဇူလိုင်လ ၈ ရက်နေ့အထိ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်ခြင်းနှင့် ဖမ်းဆီးနှိပ်စက်မှုများ လုပ်ဆောင်နေသည့်အပြင် လက်နက်ကြီး ပစ်ခတ်မှုများကြောင့်လည်း ဘာသာရေးအဆောက်အအုံများနှင့် ဒေသခံများ၏ အိုးအိမ်များ ထိခိုက်ပျက်ဆီးမှုများလည်းရှိသည်ဟု ခူးကိုရယ်က ဆိုသည်။
ထို့အပြင် ပြည်သူများသိုမှီးထားသည့် ဆန်စပါးနှင့် မွေးမြူထားသည့် အိမ်မွေးတိရစ္ဆာန်များကိုပါ ဖမ်းဆီးယူဆောင်သွားကြသည့် ဖြစ်စဉ်များနှင့် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုပ်ဆောင်ခဲ့ကြသည်ဟု KCSN ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကယား (ကရင်နီ) ပြည်နယ်အတွင်းရှိ တောတောင်များထဲတွင်သာမက မြို့ကြီးပြကြီးများတွင်ပါ စစ်ကောင်စီတပ်များက တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားလာသကဲ့သို့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့နှင့်ပါ တိုက်ပွဲဖြစ်ပွားလာခဲ့ကြသည်။
တိုက်ပွဲများအတွင်း ဒေသခံပြည်သူများမှာ စစ်ကောင်စီတပ်များ၏ သတ်ဖြတ်ခံရခြင်း၊ ဖမ်းဆီးနှိပ်စက်ခံရခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်းတို့အပြင် စစ်ဘေးလွတ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့်အတွက် အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်နေရပြီး စိုးရိမ်ကြောက်ရွံ့မှုများနှင့် နေထိုင်နေရသည်ဟု အကူအညီပေးသူများက ဆိုသည်။







