သျှမ်းမြောက် စစ်ရေးပဋိပက္ခကို တွေ့ဆုံဆွေးနွေးနည်းလမ်းရှာရန် RCSS/SSA ပြော

သျှမ်းမြောက် စစ်ရေးပဋိပက္ခကို တွေ့ဆုံဆွေးနွေးနည်းလမ်းရှာရန် RCSS/SSA ပြော

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ ဖြစ်ပွားသောတိုက်ပွဲသည် ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ဖြေရှင်းသင့်ကြောင်း RCSS/SSA က ပြောဆိုလိုက်သည်။

RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဖြစ်သော SSPP/SSA နှင့် TNLA တို့သည် သျှမ်းပြည်မြောက်ပိုင်း နမတူမြို့နယ်၊ ကျောက်မဲမြို့နယ် နှင့် သီပေါမြို့နယ်တို့အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူများ စစ်ဘေးရှောင်နေရပြီး ယနေ့ချိန်ထိ နေရပ်မပြန်နိုင်သေးပေ။

ထို့ကြောင့် သျှမ်းမြောက် စစ်ရေးပဋိပက္ခပြဿနာကို စားပွဲပေါ် တွေ့ဆုံဆွေးနွေးခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ငြိမ်းချမ်းသောနည်းလမ်းဖြင့်ဆိုတာ စားပွဲဝိုင်းပေါ် တွေ့ဆုံဆွေးနွေးတာ အကောင်းဆုံးဖြေရှင်းတဲ့ နည်းလမ်းဖြစ်တယ်။ ခုဖြစ်နေတာက ပဋိပက္ခတစ်ခုကို လက်နက်ကိုင်ပြီးတော့ဖြေရှင်းတာ မပြီးနိုင်ခဲ့ဘူးလေ။ အဲ့ဒါကိုဆိုလိုတာဖြစ်ပါတယ်” ဟု ဗိုလ်မှူးခမ်းစံက ဆိုသည်။

သျှမ်းပြည်မြောက်ပိုင်းအတွင်း ဖြစ်ပွားနေသော စစ်ရေးပဋိပကများနှင့်ပတ်သက်ပြီး ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ဖြေရှင်းကြစေလိုကြောင်း ယနေ့ ဇူလိုင် (၈) ရက်တွင် RCSS/SSA က ထုတ်ပြန်ကြေညာလိုက်သည်။

နိုင်ငံရေးပြဿနာများကို စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းမည်ဆိုပါက ဖြေရှင်းနိုင်မည်မဟုတ်ဘဲ ပြဿနာများကိုသာ ပိုမိုကြီးမားကျယ်ပြန့်လာစေနိုင်ပြီး အောက်ခြေတပ်ဖွဲ့ဝင်များနှင့် ဒေသခံများ ဆင်းရဲဒုက္ခအမျိုးမျိုး ကြုံတွေ့စေမည်ဖြစ်ကြောင်း RCSS/SSA ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဆက်လက်ပြီး RCSS/SSA အနေဖြင့် သျှမ်းပြည်မြောက်ပိုင်း စစ်ရေးပဋိပက္ခများတွင် ခံစစ်အသွင်သာ ဖော်ဆောင်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စာမထုတ်ခင်ကတည်းက နှစ်ဖွဲ့စလုံးကို စဉ်းစားစေချင်တာပေါ့နော်။ ဘယ်အဖွဲ့ကပဲ နိုင်သွားသည်ဖြစ်စေ တကယ်ရှုံးနေတာက ပြည်သူတွေဖြစ်တယ်။ အရင်ကတည်းက ပဋိပကတွေကို ကြိုတင်ဖြေရှင်းစေချင်တာပေါ့နော်။ လက်နက်ကိုင်ပြီး ဖြေရှင်းရင်တော့ ဘယ်တော့မှ မပြီးနိုင်ဘူး” ဟု ကျောက်မဲမြို့နယ်အတွင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဒေသခံ စိုင်းနောင့်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိချိန်ထိ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စုနှင့် သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တို့အတွင်း RCSS/SSA နှင့် SSPP/SSA တို့ တိုက်ပွဲပြင်းထန်နေကြောင်း စုံစမ်းသိရှိရသည်။

“တိုက်ပွဲကျတော့ တောင်ပိုင်းမှာဆိုရင် ကျေးသီးမှာဖြစ်နေတယ်။ မြောက်ပိုင်းလည်း ဖြစ်နေတယ်ခင်ဗျာ။ စစ်ရေးတင်းမာတာတွေ ရှိနေတုန်းပဲ” ဟု ဗိုလ်မှူးခမ်းစံက သျှမ်းသံတော်ဆင့်ကိုပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး ယနေ့ချိန်ထိ စစ်ရေးတင်းမာနေကာ ဒေသခံ (၃၀၀၀) ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။

May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...