အကြိမ်ကြိမ်ရွေ့ဆိုင်းခဲ့သည့် NCA အပစ်ရပ်အဖွဲ့များ၏ စတုတ္ထအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များအစည်းအဝေး (ဒုတိယပိုင်း) ကို သြဂုတ်လ ပထမအပတ်တွင်ပြုလုပ်ရန် လျာထားသည်ဟု PPST က ပြောသည်။
NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက “ကျနော်တို့ လာမယ့် သြဂုတ်လ ပထမအပတ်မှာ ဆက်လက်လုပ်ဖို့ပေါ့နော။ ဒီ ၁၈/၂၀၂၁ မှာ သြဂုတ်လ ပထမအပတ်မှာလုပ်ဖို့ လျာထားသတ်မှတ်ထားပါတယ်ခင်ဗျား” ဟု ပြောသည်။
စတုတ္ထအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များအစည်းအဝေး (ဒုတိယပိုင်း) တွင် အစည်းအဝေးပထမပိုင်းက မပြီးပြတ်သေးသည့် အကြောင်းအရာများနှင့် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများအပေါ်တွင် ဆွေးနွေးမှုများကို ပြုလုပ်သွားမည်ဟု ဆက်ပြောသည်။
နိုင်အောင်မငေးက “ဒီအခြေအနေမှာကတော့ ကြိုတင်စဉ်းစားထားတာ မရှိပါဘူး။ ကျနော်တို့ အစည်းအဝေးဆုံးဖြတ်ချက်မှာ ကျန်တဲ့ရှိတဲ့ အချက်အလက်တွေကို ပြန်ဆွေးနွေးကြမယ်။ နောက်ပြီးတော့ ဒီကြားက ဖြစ်ပေါ်လာတဲ့ အခြေအနေတွေအပေါ်မှာ ကြည့်ပြီးတော့ပဲ ဆွေးနွေးကြအုံးမယ်ထင်တယ်” ဟု ပြောသည်။
စတုတ္ထအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များအစည်းအဝေး (ဒုတိယပိုင်း) အား လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်ကပ်ရောဂါ တတိယလှိုင်း အခြေအနေကြောင့် လူချင်းတွေ့ဆုံဆွေးနွေးမှုပြုသည်ထက် အွန်လိုင်းအစည်းအဝေးသဘောမျိုးဖြင့် လုပ်ဆောင်သွားဖွယ်ရှိသည်ဟု ဆိုသည်။
NCA အပစ်ရပ်အဖွဲ့များ၏ စတုတ္ထအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များညီလာခံ (ဒုတိယ) ပိုင်းကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလကတည်းကပြုလုပ်ရန် စီစဉ်ထားကြသော်လည်း COVID-19 ကပ်ရောဂါ အခြေအနေများကြောင့် တစ်လပြီးတစ်လ ပြောင်းလဲသတ်မှတ်လာသည်မှာ ယခုအချိန်အထိဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မေလ ၁၄ ရက်ကနေ ၁၈ ရက်နေ့အထိ အပစ်ရပ်အဖွဲ့များ၏ စတုတ္ထအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ၏ညီလာခံ ပထမပိုင်းအစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါညီလာခံတွင် အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST စုဖွဲ့မှုကိစ္စများ၊ PPST မှ ကရင်အမျိုးသားအစည်းအရုံး KNU နုတ်ထွက်စာတင်ထားသည့် ကိစ္စရပ်များ အစရှိသည်များကို ဆွေးနွေးရာတွင် မပြီးပြတ်ခဲ့သည့်အတွက် ညီလာခံ ဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရန် မေလ ၁၈ ရက်နေ့ အစည်းအဝေးတွင် သဘောတူထားခဲ့ကြခြင်းဖြစ်သည်။
ညီလာခံကို တစ်လအတွင်း ထပ်မံကျင်းပပြုလုပ်ရန် စီစဉ်ထားသော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများမှာ ဆွေးနွေးပွဲများကြောင့် အားလပ်မှုမရှိခြင်း၊ ထို့အပြင် COVID-19 ကပ်ရောဂါ ဖြစ်ပွားလာခြင်းများကြောင့် ဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ခြင်းမရှိပဲ ကြန့်ကြာနေခဲ့သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် DKBA ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချူပ် PNLO ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်ကြသည်။
Published
Friday, July 09, 2021
NCA-လက်မှတ်ထိုးအဖွဲ့များ၏ ထိပ်သီးအစည်းဝေး ဒုတိယပိုင်းကို ဩဂုတ်လတွင်ကျင်းပရန် ထပ်မံသတ်မှတ်







