မြန်မာငွေကြေးအကြပ်အတည်းကြောင့် ကချင်စစ်ရှောင်များအတွက် ရိက္ခာနှောင့်နှေး

မြန်မာငွေကြေးအကြပ်အတည်းကြောင့် ကချင်စစ်ရှောင်များအတွက် ရိက္ခာနှောင့်နှေး

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ရှောင်စခန်းအချို့ ပုံမှန်ရရှိနေကျရိက္ခာများ အချိန်မှီ မရောက်ရှိသောကြောင့် စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာအခက်အခဲများနှင့် တွေ့ကြုံနေရသည်ဟု စစ်ရှောင်ပြည်သူများက ပြောသည်။

မြန်မာနိုင်ငံအတွင်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် ငွေကြေးအကြပ်အတည်းကြောင့် ပြီးခဲ့သည့် မေလနှင့် ဇွန်လအတွက် လစဉ်ရရှိနေကျ အခြေခံစားသောက်ကုန်များ ယခု ဇူလိုင်လဆန်းရောက်သည်အထိ မရသေးကြောင်း KIO ထိန်းချုပ်နယ်မြေထဲက ဂျေယန့်စစ်ရှောင်စခန်းမှ စစ်ရှောင်တစ်ဦးက ပြောသည်။

“ပုံမှန်တော့ ကရုဏာ လူမှုအဖွဲ့အစည်းကနေ ပေးတာတော့ဟုတ်တယ်။ ဒါပေမယ့် နှစ်လကျော်ပြီ ထုတ်လို့မရသေးဘူး။ ငွေထုတ်ရခက်တယ်ဆိုပြီး မထုတ်ပေးသေးဘူး။ အခုလောလောဆယ်တော့ စခန်းအတွင်းမှာ ဆန်ကုန်သွားတဲ့ အိမ်ထောင်မိသားစုတွေ များလာလို့ တော်တော်တော့ စိတ်ညစ်နေကြတဲ့အချိန် ဖြစ်နေတယ်” ဟု ပြောသည်။

ဂျေယန့် စစ်ရှောင်စခန်းမှ စစ်ရှောင်များအား လစဉ် တစ်ဦးလျှင် ဆန် ၈ ပြည်၊ ဆီ ၁ လီတာ၊ ဆား ၁ ထုတ်နှုန်းဖြင့် ကရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS) က ပုံမှန်ထောက်ပံ့ပေးလျှက်ရှိရာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ကြုံနေရသည့် ဘဏ်မှ ငွေထုတ်ယူရန် အခက်အခဲများကြောင့် စစ်ရှောင်များ ထောက်ပံ့မှုများ ပုံမှန်မရတော့ပဲ ယခုကဲ့သို့ အခက်အခဲနှင့် ကြုံနေရခြင်းဖြစ်သည်ဟု စစ်ရှောင်များက ပြောသည်။

ဂျေယန့်စစ်ရှောင်စခန်းနည်းတူ လိုင်စင်အထက်ဘက်ရှိ မဂါးယန်စစ်ရှောင်စခန်းမှ စစ်ရှောင်များလည်း စားနပ်ရိက္ခာအခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ပြောသည်။

“လက်ရှိကတော့ WFP က KBC ကနေတဆင့် လတိုင်း ဆန်တစ်အိတ်နဲ့ ဟင်းဖိုး တရုတ်ယွမ် ငွေ ၄၀ ပေးတယ်။ KBC လာဖို့ အခက်အခဲဖြစ်တဲ့ လတွေမှာတော့ (Health properties Action – HPA) ကနေပြီး ကူညီပေးပါတယ်။ ဒီလအတွက်က မပေးသေးဘူး။ May လအတွက်လည်း HPA က ဆန်လာပေးပါတယ်။ ဟင်းဖိုးတော့မပါသေးဘူး” ဟု မဂါးယန် စစ်ရှောင်စခန်းက စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

ဟင်းဖိုးအတွက်ပေးသည့် တရုတ်ငွေ ယွမ် ၄၀ မှာ မြန်မာငွေကျပ် တစ်သောင်းခန့်သာရှိပြီး COVID-19 ကပ် ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ကုန်းစျေးနှုန်းများ မြင့်နေသည့်အတွက် ယခုရရှိနေသည့် ဟင်းဖိုးငွေမှာ လုံလောက်မှုမရှိဘူးဟုလည်း ဆက်ပြောသည်။

“၆ လပိုင်း၊ ၇ လပိုင်း၊ ၈ လပိုင်း သုံးလအတွက် ဟင်းဖိုးကိုတော့ KBC ကနေ လာပေးမယ်လို့တော့ ပြောတယ်။ အမှန်အတိုင်းပြောရမယ်ဆိုရင် ယွမ်၄၀ နဲ့က မလောက်ဘူးပေါ့နော်။ အခုဆိုရင် ကျမတို့ တရုတ်ပြည်ဘက်လည်း တိုက်ရိုက်ဝင်ဝယ်လို့ မရတော့ဘူး။ ကိုယ့်မှာလိုက်တဲ့ပစ္စည်းကို သူတို့လာပို့ပေးတာမျိုးဘဲ ရတော့တယ်။ ဒါကြောင့် အရမ်းဈေးကြီးတယ်။ COVID ရောဂါ မဖြစ်သေးတဲ့အချိန်တုန်းကတော့ ဆီဗူးသေးက ယွမ်ငွေ ၁၇ ဘဲ အခုတော့ ၂၀ ဖြစ်သွားပြီ။ အရင်က ၃၅ တန် ဆီဗူးတွေလည်း အခုက ၄၀ ကျော် ၅၀ ဝန်းကျင်လောက်ရှိသွားပြီ။ ဆားလည်း အရင်က တစ်ထုတ် တစ်ယွမ်ခွဲ၊ အခုတော့ မရတော့ဘူး” ဟု အဆိုပါ စစ်ရှောင်အမျိုးသမီးက ဆက်ပြောသည်။

အဆိုပါ စစ်ရှောင်စခန်းများအားလုံး လက်ရှိတွင် စားနပ်ရိက္ခာအခက်အခဲကြုံနေရပြီး ကချင်စစ်ရှောင်များအနေဖြင့် ၎င်းတို့အချင်းချင်း ချေးငှားစားသောက်ကာ ဖြေရှင်းစားသောက်နေကြရသည်ဟု စစ်ရှောင်များက ပြောသည်။

“အခုတလောတော့ ဆန်မရောက်တော့ရင်လည်း အိမ်နီးနားချင်း အချင်းချင်း တချို့တွေဆီက ပိုတာလေးတွေကို ချေးငှားပြီး စားနေကြတာပေါ့။ တခြားနည်းနဲ့ ရှာစားဖို့ကလည်း အခုအခြေအနေက တော်တော်ခက်နေတယ်။ နေ့စားသွားလို့ကလည်းမရ။ တရုတ်ပြည်သွားလို့လည်းမရ” ဟု ဂျေယန့်စစ်ရှောင်စခန်းက စစ်ရှောင်တစ်ဦးက ပြောသည်။

COVID-19 ရောဂါဖြစ်ပွားနေသည့်အတွက် ၂၀၂၀ ခုနှစ်ကစတင်ပြီး နယ်စပ်ဂိတ်များ ပိတ်ထားခြင်းကြောင့် ကုန်စျေးနှုန်းများ မြှင့်တက်လျှက်ရှိသလို၊ နေ့စား အလုပ်ထွက်လုပ်ရန်လည်း လုပ်ငန်းခွင်များ မရှိတော့သည့်အတွက် စားရေးသောက်ရေးတွင် ပိုမိုခက်ခဲလာရခြင်းဖြစ်သည်ဟု စစ်ရှောင်များက ပြောသည်။

“နိုင်ငံရေးရှုပ်တဲ့အထဲ ကိုဗစ်ကလည်း ပြန်ဖြစ်ဆိုတော့ ရှာဖွေစားသောက် ဖြေရှင်းဖို့ကလည်း ဆန်က မရောက်တဲ့အတွက်ကြောင်း အားလုံး စိတ်ညစ်နေကြတယ်။ ဘယ်လိုရှာစားရမလဲတောင် မသိတော့ဘူး။ တချို့ကတော့ ဈေးရောင်းတော့ အဆင်ပြေသွားကြတယ်။ တချို့က တောင်ပေါ်မှာ ကြက်မွေးကြတဲ့သူတွေလည်းရှိတယ်။ တချို့က ဝက်မွေးကြတယ်။ ဒါပေမယ့် ဝက်တွေလည်း ပြန်သေဆိုတော့ အရှုံးပေါ်သွားတဲ့ သူတွေလည်းရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

KIO ထိန်းချုပ်နယ်မြေအတွင်း လိုင်ဇာအနီးတဝိုက်တွင် ဂျေယန့်၊ ဖုန်လုံယန်၊ ဝေကြိုင်၊ ဒွမ်ဘုန် စစ်ရှောင်စခန်းများ၊ လိုင်စင် အထက်ဘက်တွင် ဂျန်မိုင်၊ မဂါးယန်၊ ရှအစ်ယန်၊ မှတ်တိုင် ၆၊ မှတ်တိုင် ၇ (ဖရဲ)၊ မှတ်တိုင် ၈၊ မိုင်တိုင် ၁၂ (ဆဒုံးဒေသရှိ စစ်ရှောင်စခန်းများ-ခေါင်ရှောင်)၊ မိုင်ဂျာယန် အနီးတဝိုက်တွင် အင်ခေါင်းပါ၊ ပါကထောင် ၁၊ ပါကထောင် ၂၊ ပန်ခေါန်ယန်၊ အင်ဒွတ်ယန်၊ ဆလန်ယန် စသည့် စစ်ရှောင်စခန်းများ ရှိသည်။

KIO ထိန်းချုပ်နယ်မြေအတွင်း စစ်ရှောင်စခန်း ၁၉ ခု၊ လူဦးရေ ၃၇၉၂၀ ကျော်ရှိပြီး ကချင်ဒေသ တစ်ကျော့ပြန် စစ်ပွဲဖြစ်ပွားခဲ့သော ၂၀၁၁ အကုန် ၂၀၁၂ နှစ်ဆန်းပိုင်းမှ ၂၀၁၃ နှစ်ကုန်ပိုင်းအထိ KIO ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ရှောင်ပြည်သူများ၏ စားဝတ်နေရေးကို KIO အစိုးရမှ တာဝန်ယူခဲ့ပြီး ၂၀၁၄ မှ ယခုလက်ရှိအချိန်ထိ လူမှုအဖွဲ့အစည်းများမှ တာဝန်ယူထောက်ပံ့ပေးနေခြင်းဖြစ်သည်ဟု အရပ်ဘက်လူမှုအဖွဲ့များ၏ မှတ်တမ်းစာရင်းများအရ သိရသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...