ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ တစ်စုံလုံးနှင့် စစ်ကောင်စီတို့အကြား ဆွေးနွေးမှုများကို ရပ်ဆိုင်းထားမည်ဖြစ်ပြီး NCA စာချုပ် လက်မှတ်ရေးထိုးစဉ်က ပါဝင်သည့် အသိသက်သေနိုင်ငံများ၏ အကူအညီများကိုရယူကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆွေးနွေးမှုဖြင့်သာ ဆက်လက်လုပ်ဆောင်သွားမည်ဟု PPST က ပြောသည်။
ဇူလိုင်လ ၁ ရက်၊ ၂ ရက်နှင့် ၆ ရက်၊ ၇ ရက်တို့တွင် ကျင်းပပြုလုပ်သည့် လေးရက်တာ PPST အစည်းအဝေးမှ ထိုသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု PPST ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ပြောသည်။
“ကျနော်တို့ NCA အကောင်အထည်ဖော်မှုက ခဏရပ်ထားပြီးတော့ ကျနော်တို့ ဒါကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ အကောင်အထည်ဖော်မှုမှာပေါ့နော်။ ပါဝင်ဖို့ အသိသက်သေနိုင်ငံများနဲ့ အကူအညီရယူပြီးတော့ ဆက်လက်လုပ်ဆောင်သွားမယ်”
နိုင်အောင်မငေးက လာမည့်ကာလ လုပ်ငန်းစဉ်မှာ နည်းလမ်းသစ်တစ်ခုဖြစ်မည်ဟု ပြောသည်။
၎င်းက “ကျနော်တို့ ရှေ့ဆက်လုပ်ငန်းစဉ် အဓိကကတော့ ကျနော်တို့ နိုင်ငံရေးယဉ်ကျေးမှု အသစ်တစ်ရပ်ပေါ့နော် ဒီငြိမ်းချမ်းရေးကိစ္စကို ကျနော်တို့က ဒါဆွေးနွေးမှုပဲ နောက်ဆုံးရလာဒ်ကတော့ ဆွေးနွေးမှုနဲ့ပဲသွားမယ်။ အဲဒီ နိုင်ငံရေးဆွေးနွေးမှုနဲ့ပဲ သွားမယ်ဆိုပြီးတော့ ဒါကို ကျနော်တို့ ဆက်လက်ပြီးတော့ အကောင်အထည်ဖော်သွားမယ်။ နောက်တစ်ခုရှိတာက ကျနော်တို့ ဒီရှေ့ဆက်မှာ ကျနော်တို့ ဒီအသိသက်သေ NCA အသိသက်သေနိုင်ငံတွေ ပုဂ္ဂိုလ်တွေရဲ့ အကူအညီရယူပြီးတော့ ဆက်လက်ဆွေးနွေးဖို့ ကျနော်တို့ ဒီဆွေးနွေးမှု အဝန်းအဝိုင်းမှာ ပါဝင်ဖို့ ကျနော်တို့ ဆက်လက်ကြိုးစားသွားမယ်။ အဲဒီပုံစံ အဓိကက ဒါပဲပေါ့နော်” ဟု ပြောသည်။
သို့သော် PPST အဖွဲ့ဝင် အဖွဲ့အစည်းများအနေဖြင့် တစ်ဖွဲ့ချင်းစီ၏ မူဝါဒအတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုများကို ဆက်လက်လုပ်ဆောင်ခွင့်ရှိသည်ဟု နိုင်အောင်မငေးက ဆက်ပြောသည်။
“ကျနော်တို့ PPST နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တပ်မတော်အစိုးရနဲ့တော့ ကျနော်တို့ တွေ့ဆုံမှုမှာတော့ ကျနော်တို့ ခဏရပ်ထားမယ်။ ဒါပေမယ့် Bilateral အနေနဲ့ တစ်ဖွဲ့ချင်းအနေနဲ့ တစ်ပါတီချင်းအနေနဲ့ တွေ့ဆုံမှုက သူရဲ့ပါတီရဲ့ ရပ်တည်ချက်နဲ့ သွားလို့ရပါတယ်ခင်ဗျား။ PPST တစ်ခုလုံးနဲ့ ဒီ NCA-EAOs တစ်ခုလုံးနဲ့ ဆွေးနွေးမှုကိုတော့ ရပ်ဆိုင်းထားမယ်ခင်ဗျာ”
NCA စာချုပ်တွင်ပါရှိသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုဆိုင်ရာ အကောင်အထည်မှုများကို PPST အနေဖြင့် ရပ်ဆိုင်းထားမည်ဆိုသော်လည်း ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး၊ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်သူလူထုများ၏ အသက်အိုးအိမ်ကာကွယ်ရေး စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များကို NCA စံသတ်မှတ်ချက်နှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။
NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို အွန်လိုင်းမှတစ်ဆင့် ၄ ရက်တာ ကျင်းပခဲ့တာဖြစ်ပြီး ထိုအစည်းအဝေးတွင် PPST စုဖွဲ့မှုဆိုင်ရာ ကိစ္စရပ်များ၊ လက်ရှိ ပြည်ထောင်စုအတွင်း ရင်ဆိုင်နေရသည့် နိုင်ငံရေး၊ လူမှုရေးများနှင့် အထွေထွေ အကြပ်အတည်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
NCA အပစ်ရပ်အဖွဲ့များမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၊ ကရင်အမျိုးသားအစည်းအရုံး KNU ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO ၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ ALP ၊ ကရင်အမျိုးသားဒီမိုရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ဖြစ်သည်။







