ပြည်မြို့ အိမ်ပြင်မထွက်ရအမိန့်ကြောင့် ဝင်ငွေနည်းလုပ်ငန်းများနှင့် အလုပ်သမားများ အခက်ကြုံ

ပြည်မြို့ အိမ်ပြင်မထွက်ရအမိန့်ကြောင့် ဝင်ငွေနည်းလုပ်ငန်းများနှင့် အလုပ်သမားများ အခက်ကြုံ

ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း ပြည်မြို့တွင် COVID-19 ရောဂါပိုး တွေ့ရှိသူများလာသည့်အတွက် စစ်ကောင်စီက Stay at Home (အိမ်ပြင်မထွက်ရ) အမိန့်ညွန်ကြားချက် ထွက်လာပြီးနောက် ဝင်ငွေနိမ့် တစ်နေ့လုပ်တစ်နေ့စားများနှင့် အောက်ခြေဝန်ထမ်းများ စားဝတ်နေရေး ပိုမိုခက်ခဲလာမည်ကို စိုးရိမ်နေကြသည်။

ယင်းကြေညာချက် မထုတ်ပြန်မှီက အစားအသောက်အတွက် ကြိုတင်ဝယ်ယူထားသည်များမရှိသလို ဝယ်ယူထားရန်အတွက်လည်း မတတ်နိုင်ဖြစ်နေကြောင်း ညနေဘက် တို့ဟူးအသုပ်စုံရောင်းချနေသူ မသန္တာက ပြောသည်။

”ဒီလိုဘဲ နှာခေါင်းစီးတပ် လက်ဆေးနဲ့ ပြေးပြေးလွှားလွှားရှာစားရတာ။ အရင်လိုလှူမယ့် ပရဟိတအလှူရှင်တွေလည်း လာမှာမဟုတ်တော့ဘူး။ စစ်တပ်ကလည်း မထင်ရင်မထင်သလို ပစ်ခတ်နေတော့ ကိုဗစ်နဲ့မသေဘဲ ငတ်သေတော့မယ်” ဟု ၎င်းက ငြီးတွားကာပြောသည်။

ပြည်မြို့တွင် ဇူလိုင် ၇ နေ့ တစ်ရက်တည်းတွင် ကိုဗစ်ပိုးတွေ့လူနာသစ် ၅၈ ဦးတွေ့ရှိခဲ့ပြီး စမ်းသပ်နေစဲအချိန်တွင် တစ်ဦးသေဆုံးသွားသည်။

ထိုသေဆုံးသူမှာလည်း အတည်ပြုလူနာဖြစ်ပြီး သေဆုံးသူ ယနေ့အချိန်ထိ စုစုပေါင်း ၉ ဦးရှိလာပြီဖြစ်သည်။

ပြည်မြို့ ကုတင် ၅၀၀ ဆေးရုံကြီးတွင်လည်း လူနာ ၂၀၀ ကျော်ခန့် ဆေးကုသမှုခံယူနေကြသဖြင့် နေရာထိုင်ခင်း မလုံလောက်သောကြောင့် သူနာပြုကျောင်းဆောင်မှာတွင်ပါခွဲပြီး ကုသမှုခံယူနေရသည်ဟု ပြည်မြို့အခြေစိုက် ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။

”ဆေးရုံကြီးမှာရှိတဲ့ လူနာဆောင်တွေနဲ့ မလောက်တော့လို့ သူနာပြုကျောင်းကို ကုသရေးပြောင်းပြီး အဲဒီက ထိစပ်လူနာတွေကိုတော့ ကွန်ပျူတာ တက္ကသိုလ်မှာ ပြောင်းရွှေ့ထားဖို့ ပြင်ဆင်နေတယ်” ဟု ၎င်းကပြောသည်။

အထူးသဖြင့် Stay at Home ကြောင့် ဆောက်လုပ်ရေးလုပ်သားများ၊ ကျပန်းအလုပ်သမားများ၊ စားသောက်ဆိုင်ဝန်ထမ်းများနှင့် ကျူးကျော်ရပ်ကွက်များတွင် နေထိုင်ကြသူများအတွက် ရှာဖွေစားသောက်ရန် ခက်ခဲနေကြောင်း သိရသည်။

ယခင်က ဝင်ငွေနိမ့်များအတွက် အလုပ်အကိုင်အခွင့်အလမ်းတစ်ခုဖြစ်သည့် ညဈေးတန်းက စျေးသည်များလည်း အပြင်ထွက်ကြသူများ မရှိတော့သဖြင့် ဈေးဆိုင်များပိတ်ထားကြောင်း ညစျေးတန်းဆိုင်တစ်ဆိုင်မှ ဆိုင်အကူ အလုပ်သမ မယုမော်က ပြောသည်။

”အလုပ်လုပ်ချင်လည်း ဘာအလုပ်မှမရှိဘူး။ ဘာစားရပါ့မလဲ။ လူတွေအပြင်မထွက်ကြတော့ တောင်းစားရမယ့်သူတောင် မရှိဘူး” ဟု မယုမော် က ပြောသည်။

ပြည်မြို့တွင် ယနေ့အထိ ဆေးရုံဆင်းခွင့်ရသူ ၂၄ ဦးနှင့် သေဆုံးသူ ၉ ဦးရှိပြီဟု သိရသည်။

ပြည်မြို့ကို စစ်ကောင်စီက ဇူလိုင် ၆ ရက်မှစတင်၍ Stay at Home မြို့နယ်အဖြစ် သတ်မှတ်ထားပြီး ယနေ့ နံနက်မှစတင်၍ ပြည်မြို့၏ အဝင်/အထွက်ဂိတ်များကို ပိတ်ထားလိုက်ကာ ဝင်/ထွက်ခွင့်များပါ ပိတ်ထားကြောင်း ဒေသခံများက ပြောသည်။

ပြည်မြို့သည် ခရိုင်ရုံးစိုက်ရာ မြို့ကြီးတစ်မြို့ဖြစ်ပြီး ပဲခူးတိုင်းအနောက်ခြမ်းရှိ အချက်အခြာကျသည့် မြို့တစ်မြို့လည်းဖြစ်သည်။

၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းအရ ရပ်ကွက် ၁၀ ရပ်ကွက်၊ ကျေးရွာ ၅၅ ရွာ၊ လူဦးရေ နှစ်သိန်းခွဲကျော်ရှိပြီး လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာလျှင် လူ ၃၂၀ ခန့်နေထိုင်ကြောင်း သိရသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...