ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ လိုင်ဇာတွင် အင်္ဂါနေ့တစ်ရက်တည်းတွင် COVID-19 အတည်ပြုလူနာ ၄ ဦး ထပ်တိုးသည်ဟု KIO ၏ COVID-19 ရောဂါတားဆီးနှိမ်နှင်းရေးကော်မတီထံမှ သိရသည်။
ဇူလိုင် ၆ ရက်နေ့ (ယမန်နေ့) က လိုင်ဇာမြို့အတွင်း ဝင်ရောက်လာသူများထဲမှာ အတည်ပြုလူနာ ၄ ဦးရှိခဲ့ရာ မတ်လမှ ယခု ဇူလိုင်လပထမအပတ်အထိ လိုင်ဇာမြို့တွင် အတည်ပြုလူနာ အယောက် ၂၀ ရှိသွားပြီဟု KIO COVID-19 ရောဂါတားဆီးနှိမ်နှင်းရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ်က ပြောသည်။
“မနေ့က တိုးတာတွေတချို့ရှိတယ်။ နဂိုက မရှိသလောက်ဖြစ်သွားတာ၊ နဂို positive တွေလည်း ပျောက်ကင်းသွားသလောက်ရှိပြီ၊ အခု မနေ့က တချို့ပြန်တိုးလာတယ်။ လေးယောက်လားမသိ တိုးလာတယ်။ သူတို့ ကျန်းမာရေးအခြေအနေ ကောင်းပါတယ်။ အားလုံး လူငယ် လူလတ်ပိုင်းတွေပဲ၊ အသက် ၂၀ ကျော်၊ ၃၀ ဝန်းကျင် အဲ့လောက်အရွယ်တွေဖြစ်တယ်။ လောလောဆယ် လိုင်ဇာမှာပဲဗျ။ အရင် ၁၃ ယောက်ရယ်၊ နောက် ၃ ယောက်ရယ်၊ အခု ထပ်တိုးတဲ့ ၄ ယောက်ရယ်ပေါ့၊ အယောက် ၂၀ လောက်ရှိသွားပြီ။ အခုလောလောဆယ် ၅ ယောက်ပေါ့ ဆေးရုံတက်နေတာက” ဟု ပြောသည်။
COVID-19 အတည်ပြုလူနာ ၂၀ ရှိသည့်အနက် လက်ရှိ ဆေးရုံတွင် ၅ ဦး ဆေးကုသမှုခံယူနေရပြီး၊ လက်ရှိတွင် ရောဂါကူးစက်မှုနှုန်းကို ထိန်းချုပ်ထားနိုင်သည်ဟု KIO က ပြောသည်။
ယခု ထပ်တိုးလာသည့် COVID-19 အတည်ပြုလူနာများသည် လိုင်ဇာဒေသခံများမဟုတ်ပဲ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေကြောင့် လုံခြုံရေးစိတ်ချမှုမရှိသည့်အခြေအနေနှင့် ကြုံနေရသည့် အခြားဒေသမှ ဝင်ရောက်လာသူများဖြစ်သည်ဟု သိရသည်။
“အဝေးကလူတွေပါ။ ကချင်ပြည်ကတောင်မဟုတ်ဘူး။ တခြားကလူတွေပါ။ ကျနော်တို့က လမ်းပိတ်တာက ၄ ရက်နေ့ကနေ ပိတ်ပြီ။ သူတို့ကလည်း နည်းနည်း အရေးတကြီးဖြစ်တယ်ဆိုတော့ သူတို့ကို ပြန်သွင်းလိုက်တော့ အဲ့လိုဖြစ်သွားတာပါ။ အခု ကျနော်တို့ ပိတ်ပြီ အခုတော့ လူမဝင်အောင် လုံးဝပိတ်ထားတယ်။ သူတို့က ဟိုဘက်လည်း ပြန်လို့မရ။ ဟိုဘက်မှာလည်း နေမယ့်နေရာမရှိဆိုတော့ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ဘာပဲဖြစ်ဖြစ် Quarantine ထားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်ခိုင်းလိုက်တာ သူတို့အဖွဲ့ထဲမှာ positive တွေ ပါလာတာဖြစ်တယ်” ဟု ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ်က ပြောသည်။
KIO/KIA အနေဖြင့် ၎င်းတို့၏ ထိန်းချုပ်နယ်မြေအတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အဝင်/အထွက်ဂိတ်များကို ပိတ်ထားသော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် ကြုံနေရသည့် လုံခြုံရေးအခက်အခဲကြောင့် ထွက်ပြေးလာသူအချို့ ဝင်ရောက်လာမှုများ ရှိနေရာ ယခုကူးစက်မှုသည် အဆိုပါကိစ္စရပ်များနှင့် ဆက်စပ်နေသူများဖြစ်သည်။
COVID-19 အတည်ပြုလူနာများအား သီးသန့်သတ်မှတ်ထားသည့်နေရာတွင် သီးသန့်စောင့်ကြည့်မှု Quarantine ထားပြီး ဆေးကုသမှုပေးထားသည်ဟု သိရသည်။
ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ်က “ကျနော်တို့ဆီမှာ တစ်ခုခုဖြစ်ပြီဆိုရင်တော့ အရေးတကြီးဆောင်ရွက်စရာတွေကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အခုက လူတွေက အပြင်ဘက်မှာပဲ အတွင်းထဲမရောက်သေးဘူးဆိုတော့ နည်းနည်း အခြေအနေက လောလောဆယ်မှာ ငြိမ်နေပါသေးတယ်” ဟု ပြောသည်။
KIO/KIA ၏ အခြား ထိန်းချုပ်နယ်မြေတစ်ခုဖြစ်သည့် မိုင်ဂျာယန်အနီးက လွယ်ဂျယ်မြို့တွင်လည်း COVID-19 အတည်ပြုလူနာ ယခုရက်ပိုင်းတွင် ၅ ယောက် ရှိနေပြီဆိုသည့် သတင်းများရရှိထားသည့်အတွက် ၎င်းတို့ဒေသအတွင်း ကူးစက်မှုများမရှိအောင် စည်းမျဉ်းစည်းကမ်းများ တင်းကြပ်ထားပြီး အဝင်/အထွက်ဂိတ်ကိုလည်း လုံးဝပိတ်လိုက်ပြီဟု သိရသည်။
၂၀၂၀ ခုနှစ် တစ်နှစ်ပတ်လုံးနှင့် ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်ကာလအထိ KIO ထိန်းချုပ်နယ်မြေအတွင်း COVID-19 ကူးစက်မှုများ မရှိခဲ့သော်လည်း ယခုနှစ် မတ်လခန့်မှစတင်၍ ယခု ဇူလိုင်လ ပထမအပတ်အထိ ဝင်ရောက်လာသူများထဲမှ ရောဂါကူးစက်ခံရသူများ ရှိခဲ့ခြင်းဖြစ်သည်။







