မီတာခများ မဆောင်မနေရ လိုက်ကောက်

မီတာခများ မဆောင်မနေရ လိုက်ကောက်

ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ဇူလိုင် ၆ ရက်နေ့ (ယနေ့) တွင် မီတာခမဆောင်သည့် နေအိမ်များကို EPC ဝန်ထမ်းများက နေအိမ်များအထိ မီတာခများ လိုက်လံကောက်ခံနေသည်ဟု ဒေသခံပြည်သူများက ပြောသည်။

ဒဂုံဆိပ်ကမ်းမြို့ ၅၈ ရပ်ကွက်အတွင်း မီတာခများကို အတင်းအကြပ် လိုက်ကောက်နေသည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။

ဒဂုံဆိပ်ကမ်းမြို့ ၅၈ ရက်ကွက်အတွင်း နေထိုင်သူတစ်ဦးက "သူတို့က အတင်းအကြပ် ဆောင်ခိုင်းတဲ့သဘောမျိုး။ အခုမဆောင်ရင် တစ်ခါတည်း မီတာဖြတ်သွားမယ်လို့ပြောတာပဲ။ ညနေဆောင်မယ်ဆိုတာတောင် မနည်းညှိရတာ။ သူတို့က အခုတစ်ခါတည်းဖြတ် မီတာလာဆောင်မှ ပြန်လာတတ်ပေးမယ်။ အဲ့ဒီလိုမျိုး" ဟု ပြောသည်။

အဆိုပါရပ်ကွက်အတွင်း ဇူလိုင်လ ၅ ရက်က မီတာမဆောင်သည့်နေအိမ်များ ဇူလိုင်လ ၆ ရက်နေ့ နောက်ဆုံးထား မီတာဆောင်ရန်နှင့် ပေးဆောင်ခြင်းမရှိပါက လျှပ်စစ်မီးဖြတ်တောက်မည်ဟု လိုက်လံကြေညာခဲ့ပြီး ဇူလိုင် ၆ ရက်တွင် နေအိမ်များအထိ လိုက်လံကောက်ခံနေခြင်း ဖြစ်သည်။

"မဆောင်တဲ့သူတွေက တစ်ရပ်ကွက်ကို ၃ ပုံ ၂ ပုံလောက်ရှိတယ်။ အခုက မြို့နယ်ထဲမှာရှိတဲ့ ရပ်ကွက်တိုင်းလုပ်ရမှာ တစ်ရပ်ကွက်ကိုသိရင်။ အပေါ်ကတော့ စာရင်းနဲ့ မဆောင်တဲ့အိမ်တွေ တစ်ခါတည်း မီးဖြတ်ခဲ့ဖို့ခိုင်းတာ" ဟု မီးတာလာဖြတ်သည့် လျှပ်စစ်ဝန်ထမ်းတစ်ဦးက ပြောသည်။

အရှေ့ဒဂုံမြို့နယ်အတွင်းက ရပ်ကွက်များထဲတွင်လည်း မီးတာခမပေးဆောင်သည့် နေအိမ်များကို လျှပ်စစ်မီးဖြတ်တောက်ခြင်းများ ပြီးခဲ့သည့် လများက ပြုလုပ်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။

လှိုင်မြို့နယ်အတွင်း နေထိုင်သူအမျိုးသမီးတစ်ဦးက “ကျမတို့ကတော့ မီတာဖြတ်ချင်ဖြတ်ပါစေ။ မဆောင်ဘူး" ဟု ပြောသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း စက်မှုလုပ်ငန်း လုပ်ကိုင်သူများ၊ အသေးစားစက်ရုံများနှင့် နေအိမ်လိုင်းခန်း ငှားရမ်းသူများရှိသဖြင့် လုပ်ငန်းအတွက် မဖြစ်မနေ ဆောင်ရသည်ဟု အသေးစားစက်ရုံ လုပ်ငန်းပိုင်ရှင်တစ်ဦးက ပြောသည်။

ထို့အတူ တောင်ဒဂုံမြို့နယ်အတွင်းတွင်လည်း မီတာခဆောင်ရမည့်ရက်ကို ဇူလိုင်လနောက်ဆုံးအပတ်တွင် ပေးဆောင်ရန် သတ်မှတ်ထားသည်ဟု တောင်ဒဂုံရပ်ကွက် ၂၀ က ပြည်သူတစ်ဦးက ပြောသည်။

တောင်ဒဂုံမြို့နယ်ထဲတွင် ဒဂုံဆိပ်ကမ်းမြို့နယ်ကဲ့သို့ မီတာခကို အတင်းအကြပ်ကောက်ခံခြင်း၊ ယခုကဲ့သို့ မီတာဖြတ်သည့်ပုံစံမျိုးများ လက်ရှိတွင် မလုပ်ဆောင်သေးကြောင်း တောင်ဒဂုံ ၂၀ ရပ်ကွက်အတွင်းနေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အတူ ကမာရွတ်မြို့နယ် ၅ ရပ်ကွက်အတွင်း တိုက်ခန်းများအပေါ်တက်၍ မီတာဆောင်ကြဖို့ လိုက်လံပြောဆိုခဲ့ပြီး မီတာခမဆောင်သည့် အိမ်များကို မီးဖြတ်ချမည်ဟုခြိမ်းခြောက်ကာ အတင်းအကြပ် မီတာခဆောင်ခိုင်းလျက်ရှိကြောင်း အဆိုပါရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ဆိုသည်။

ထို့အပြင် ကမာရွတ်မြို့နယ် ၆ ရပ်ကွက်တွင်လည်း ဇူလိုင် ၆ ရက်မနက်ပိုင်းက မီတာခများ လိုက်ဖြတ်နေပြီး သွားဆောင်ပါက မီတာခအပြင် ဒဏ်ကြေး ၄၀၀၀ ပါ ပေးဆောင်ရသည်ဟု ဆိုသည်။

 
 

 

 

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...