ကိုဗစ်ပိုးတွေ့သူများလာ၍ ရခိုင်နယ်စပ်ကုန်သွယ်ရေးကို ဇူလိုင် ၁၅ ရက်မှ ၃၁ ရက်နေ့ထိ (၂) ပတ်ကြာ ယာယီပိတ်မည်

ကိုဗစ်ပိုးတွေ့သူများလာ၍ ရခိုင်နယ်စပ်ကုန်သွယ်ရေးကို ဇူလိုင် ၁၅ ရက်မှ ၃၁ ရက်နေ့ထိ (၂) ပတ်ကြာ ယာယီပိတ်မည်

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ပိုးတွေ့ရှိသူများလာ၍ နယ်စပ်ကုန်သွယ်ရေးစခန်းများကို ဇူလိုင် ၁၅ ရက်မှ ၃၁ ရက်နေ့ထိ နှစ်ပတ်ကြာ ယာယီပိတ်ထားမည်ဟု ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောကြားသည်။

“ကျွန်တော်တို့က နယ်စပ်ကုန်သွယ်ရေးကို ယာယီရပ်နားထားမှာပါ။ ဇူလိုင်လ ၁၅ ရက်နေ့ကနေ လကုန်နေ့ ၃၁ ရက်နေ့အထိပေါ့။ အဲဒီက လှေသမားတွေဆီက ကိုဗစ်ပိုးတွေ့ရှိသူ အများဆုံးဖြစ်နေခြင်းနဲ့ ပြည်သူလူထု စိုးရိမ်မှုအခြေအနေ မြင့်နေတာကြောင့် နှစ်ပတ် ယာယီပိတ်ထားမယ်”ဟု ၎င်းက နိရဉ္စရာကိုပြောသည်။

နယ်စပ်ကုန်သွယ်ရေးအား နှစ်ပတ်အချိန်ကာလနှင့် မလုံလောက်လျှင် တစ်လကြာအထိ ပိတ်ထားရန် တင်ပြမှုများရှိသော်လည်း နယ်စပ်ကုန်သွယ်ရေးစခန်းများကို ပိတ်ထားသည့်အချိန်အတွင်း ကိုဗစ်ရောဂါဖြစ်ပွားမှုအပေါ် မူတည်၍ ဆက်လက်ပိတ်သင့်/မပိတ်သင့်ကို ဆုံးဖြတ်မည်ဖြစ်ကြောင်း ဦးလှသိန်းက ဆက်ပြောသည်။

နယ်စပ်ကုန်သွယ်ရေးစခန်းကို ယာယီပိတ်ထားမည့်အပေါ် ရခိုင်ပြည်နယ် ကုန်သွယ်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက “နယ်စပ်ကုန်သွယ်ရေးကို ပိတ်မယ်ဆိုရင်လည်း ကြိုတင်ပြီးတော့ သိနေရရင် ကုန်သည်တွေအတွက်လည်း အဆင်ပြေပါတယ်။ အခုက ကိုဗစ်တွေ့ရှိမှုက များနေတော့ ကျန်းမာရေးနဲ့ စီးပွားရေးမှာ ကျန်းမာရေးကို ဦးစားပေးရမှာပေါ့။ ပိတ်တဲ့အခါမှာလည်း ရက်အကန့်အသတ်နဲ့ ပိတ်ပေးရင် ပိုကောင်းပါတယ်” ဟု ပြောသည်။

နိုင်ငံခြားဝင်ငွေ များစွာရရှိသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများအား ကိုဗစ်ဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ် သြဂုတ်လမှစတင်ကာ ၂၀၂၁ ခုနှစ် ဧပြီလ အထိ ၈ လကျော်ကြာ ပိတ်ထားခဲ့သည်ဟု သိရသည်။

ရခိုင်တစ်ပြည်နယ်လုံး၌ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၅၂၃) ဦးနှင့် သေဆုံးသူ (၃) ဦးထိရှိထားကြောင်း ကျန်းမာရေးဌာန၏ စာရင်းများအရ သိရသည်။

 
 

 

 

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...